Friday, February 27, 2009

အချစ်.....တဲ့

" အချစ် " တဲ့ စကားလုံးလေး နှစ်လုံး..... ပြောရလွယ်သလောက် ... လက်တွေ့မှာ နားလည်ရခက်တဲ့ စိတ်ခံစားမှုတစ်ခုပဲလို့ တွေးမိတယ်။
ငယ်ငယ်ကကြားခဲ့ဖူးတယ် ... အချစ်ဆိုတာ ပေးဆပ်စွန့်လွှတ်ခြင်း တဲ့ .. တချို့ကလည်း ရယူပိုင်ဆိုင်ခြင်း တဲ့...။ ဘာတွေကို ပေးဆပ်မှာလဲ? ဘာကိုပိုင်ဆိုင်ချင်တာလဲ? အဓိက ကတော့ ချစ်တာဟာချစ်တာပါပဲဆိုရင် မလေးနက်တော့ဘူးပေါ့...။ ဒါဆို အချစ်ဆိုတာဘာလဲ.... လေလှိုင်းပေါ်မှာ နားထောင်ခဲ့ဖူးတယ် ခွင့်လွှတ်အနစ်နာခံခြင်း တဲ့...။ ဒီသဘောလေးကိုတော့ လက်ခံမိတယ် အချစ်ဆိုတာကို အသေအချာ မဖွင့်ဆိုတတ်ပေမယ့် ချစ်မိပြီဆိုတဲ့ ခံစားချက်ဝင်လာတဲ့အခါ ချစ်မိသူအပေါ် ဘာတွေပဲ ဆိုးဆိုး အငြိုးမထားဘဲ နားလည်မှုပေးပြီး နှစ်သိမ့်တတ်လာတယ်။ ချစ်ရင်အပြစ်မမြင်ရဘူးဆိုတဲ့စကား လက်ကိုင်ထားခဲ့တယ်။
အချစ် ဟာ ပျော်ရွှင်မှုကိုပေးသလို ကြေကွဲဝမ်းနည်းမှုကိုလည်း သယ်ဆောင်လာတတ်တယ်။ အချစ်နဲ့ငြိမ်းချမ်းမှုကို ခံစားနိုင်သလို မုန်တိုင်းထန်တတ်တယ်ဆိုတာလည်း သတိပြုသင့်တယ် ... အချစ်ဟာသိမ်မွေ့ နူးညံ့တဲ့ စိတ်ခံစားမှုလေးပါ...။ ထိခိုက်လွယ်တယ် တွယ်ငြိလွယ်တယ် ... ဒါပေမယ့် အချစ်ကိုဖျက်ဆီးပြုပြင်ဖို့တော့ အင်မတန်မှ ခက်ခဲလွန်းပါတယ် .... အချစ် ဟာ တည်ငြိမ်တယ် .. သို့ပေသည့် ပြောင်းလဲတတ်တဲ့အနေအထားမှာလည်း ရှိနေပြန်တယ်။
ကဗျာမလေး ရဲ့ ကိုယ်တိုင်ရေးကဗျာ ကဏ္ဍမှာ တင်ထားတဲ့ ကဗျာလေး ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ....။

ခေါင်းစဉ်လေးက...
" အချစ်ဆိုတာ "
သစ္စာရှင် က
ကဗျာ့ ကို မေးတယ်
အချစ်ဆိုတာ.....
ဘာလဲတဲ့
အဲဒီတော့လေ.....
ကဗျာက ဖြေတယ်
အချစ်ဆိုတာ.....
ဖြစ်ပျက်ဆိုတဲ့
သင်္ခါရ တရား အောက်မှာ
ပညတ်ချက် အမျိုးမျိုးနဲ့
ထာဝရ ရှင်သန်ခွင့်ရနေတဲ့
ရင်တွင်း ခံစားချက် တစ်ခု.....
ဒါပေမယ့်
အမျိုးမျိုးသော ပညတ်ချက်တွေနဲ့
ချစ်နေကြတဲ့ ဘ၀ထက်မှာ
"သစ္စာ" ဆိုတာကိုတော့
မေ့ထားလို့ မရဘူးပေါ့
သစ္စာရှင် ရယ်.............။

ကိုဝင်းဇော်ကရေးခိုင်းလို့ တတ်သလောက် မှတ်သလောက် ဖြီးလိုက်တယ် နော်..... အမှားရှိရင် ခွင့်လွှတ်။

3 Comments:

Anonymous said...

သမုဒယနှင့်ယှဉ်တဲ့ အချစ်ဟာ တပ်မက်တဲ့ ခံစားမှု သက်သက်ပဲ ဘာသစ္စာမှ မရှိဘူး။ ဒီခံစားမှုက ဖြစ်ချိန်တန်ရင် ဖြစ်လာပြီး ပျောက်ချိန်တန်ရင် ပျောက်ကွယ်သွားတတ်တဲ့ အတွက် မတည်မြဲဘူး။ ဖေါက်ပြန်တတ်တဲ့ ခံစားမှုကို ကိုးကွယ်နေလို့ကတော့ ကိုယ့်အတွက် ဘာမှ အဓိပ္ပာယ် ရှိလာမှာ မဟုတ်ပါဘူးလို့ စေတနာနဲ့ သတိပေးပါတယ်။

မိုးသောက်(ရှမ်းလေး) said...

ကျွန်တော်ထင်တာတခု ပြောပါရစေ... အချစ်ဆိုတာ အဆုံးစွန်သော ခံစားမှုတွေကို ပေးတာ၊ ဒါမှမဟုတ် ခံစားချက်တွေကို အဆုံးစွန်ထိရောက်စေတာ တစ်ခုခုပဲလို့ ထင်ပါတယ်... :D

Welcome said...

Tag ပို့စ်လေးအတွက် ကျေးဇူးပါအစ်မ။
စိတ်လိုလက်ရ ရေးပေးလို့ ၀မ်းသာတယ်။
အကြောင်းသင့်လို့ ထပ် tag မယ်ဆိုရင် ရေးပေးပါနော်။

လေးစားလျက်

Post a Comment