Friday, November 7, 2008

' နည်းပညာ ' မှာ တစ်နေ့တာ

မန္တလေး နည်းပညာတက္ကသိုလ် မှာ ပညာဆည်းပူးနေတဲ့ " မိုးညွတ်ခ " ဆိုတဲ့ ကလောင်ရှင်လေးရဲ့ ရင်တွင်းကဗျာ ကို မူရင်းအတိုင်း ပြန်လည်မျှဝေ တင်ပြပေးလိုက်ပါတယ်.....။

ကျောင်းသွားဖို့ရာ ကားဂိတ်လာ
စိတ်လက်မချမ်းသာ
စောစောစီးစီး ကုပ်ကပ်စီး
ချက်ပလက် အစုတ်ကြီး ...
စိတ်ပေါက်တဲ့ခါ သူပြေးတာ
လိပ်လောက်မမြန်ပါ
လက်ပြတိုင်းသာ ရပ်လို့ပေး
ကျောင်းကိုရောက်ဖို့ဝေး ...

ကျောင်းကားဂိတ်ကို ကြည့်လိုက်ပါ
ကျောင်းနဲ့ တစ်မိုင်မှာ
ချစ်သူလက်ဆွဲ ဖုန်တောထဲ
ခြေထောက်နှစ်ချောင်းမည်း ...
မုန့်စားဖို့ရာ Canteen လာ
Roll Call မမီပါ
စစ်ဆေးရေးအမီ အတန်းထဲပြေး
ဗိုက်ဟောင်းလောင်းနဲ့လေး .....။

၁၁ နာရီ ထိုးတော့မည်
ဗိုက်လည်း ဆာလှပြီ
စစ်ဆေးရေးရယ် လာပါတော့
သားတို့တမော့မော့ ...
Canteen မှာလည်း မသာယာ
သီချင်းဖွင့်လို့ မရပါ။
ချစ်သူဆုံချိန် နည်းကနည်း
အတွဲတွေလည်း စိတ်ဆင်းရဲ ... ။

နေ့လည်တက်တဲ့ အတန်းဟာ
ငါ့အတွက် ငရဲပါ
မီးမလာ ပန်ကာပျက်
အပူချိန်တွေတက်...
ညနေထိုင်တဲ့ Canteen မှာ
စစ်ဆေးရေးတွေလာ
ငွေမရှင်းဘဲ ထလို့ပြေး
ဆိုင်ရှင်တွေ ငိုကြွေး ....။

ကျောင်းသူတွေက အစားစုံတယ်
ပြီးရင်အိမ်သာ သွားကြမယ်
အိမ်သာမှာက ရေမရှိ
သူတို့ဒုက္ခလူမသိ ...
သုံးထပ်ဆောင်ကို ဖြတ်လျှောက်ရင်
နှာခေါင်းပိတ်ဖို့ပြင်
Urine နံ့လေး တသင်းသင်း
အန်ချင်စိတ်တွေပြင်း .....။

မန္တလေးတောင်မှာ အတွဲဖမ်းတယ်
အားအားယားယားကွယ်
တိရစ္ဆာန်ရုံလည်း မသွားနဲ့
ဖုန်းဆက်တိုင်မယ်တဲ့ ...
အားကစားကြေး တစ်ထောင်ကွယ်
ဘယ်မလဲ အကောင်အထည်
ကျောင်းကားဂိတ်ကို လမ်းလျှောက်သွား
အဲဒါ အားကစား ... ။

ကျောင်းမှအိမ်ပြန်ရောက်သောအခါ
လူရုပ်မပေါ်ပါ
အိမ်ကိုဝင်တော့ လူတွေလွဲ
ခွေးက ဟောင်မစဲ
အဲဒါ ' ငါ့ ဘ၀ ' ပဲ ..... ။

2 Comments:

စိုင်းစိုင်းလားရှိုး said...

ပေါ်လွင်တယ် ရေးထားတာ ကိုယ်ချင်းစာပါတယ်။

Welcome said...

မန္တလေးကျောင်းတက်တုန်းက အဖြစ်အပျက် တွေကို ပြန်သတိရမိပါတယ်။ တက္ကသိုလ်ကြီး သာဆိုပေမယ့် မပြည့်စုံမှုတွေ လိုအပ်ချက်တွေ ကအများသားပဲနော်။ ရှမ်းပြည်ကလာတက် တာမို့ နွေရာသီဆို ငရဲအိုးထဲ ရောက်နေတဲ့ အတိုင်းပဲ၊ နောက်ပိုင်း lecture ချိန်ဆို မတက် တော့ဘူး၊ ကိုယ့်ဖာသာပဲ ဖတ်ယူတော့တာ။ အဆောင်မှာဆိုတော့ ရေကရှားပဲ၊ ရေလုချိုးရတာလည်း ပျော်စရာတစ်မျိုးပါ၊ ခုလို ပြန်ရှယ်ပေးလို့ ကျေးဇူးပါ။
http://winzaw-mdy.blogspot.com

Post a Comment