Wednesday, June 16, 2010

ရေတန်ဖိုး

ကဗျာမလေးရေးတာ မဟုတ်ပါဘူးနော်... အရှင်ဇဋိလ-က၀(သီတဂူဓမ္မကထိက)ရဲ့ ဆောင်းပါးလေးကို ပြန်လည်မျှဝေပေးတာပါ။
အားလုံးကို ကျေးဇူးတင်ပါတယ်။

စာရေးသူအနေနဲ့ တစ်ခါမှ စာမရေးဖူးလေတော့ “ဒီဆောင်းပါးလေးရေးရတာ အဆင်မှပြေပါ့မလားလို့ စိုးရိမ်စိတ်ဖြစ်မိတယ်။” ဒါပေမယ့် စာရေးသူတို့၏ ဆရာဖြစ်တဲ့ ဒေါက်တာပညာသီဟ၏ တိုက်တွန်းမှုကြောင့်ရယ် - နှလုံးသားထဲမှာ ရေတန်ဖိုးဆိုတဲ့ အကြောင်းလေးကို Fresher Welcome စာဆောင်မှာ ရေးချင်စိတ်က ပြင်းထန်နေတာရယ် - အဲဒါတွေကြောင့် ရင်ထဲကလာတဲ့ အတိုင်းပဲ ချရေးလိုက်တာပါ.။ စာဖတ်သူတွေကို ဆွဲခေါ်သွားနိုင်တဲ့ စွမ်းရည်မျိုးနဲ့ မရေးနိုင်တာကိုတော့ ခွင့်လွှတ်စေချင်ပါတယ်.. နှလုံးသားထဲက လာတဲ့စကားတွေမို့ နှလုံးသားနဲ့ပဲဖတ်ကြပါ။
“ဟေ့ မလုကြနဲ့လေ.. ကျွန်တော်တို့က အဲဒီလိုတွေ လုနေကြရင်တော့ ဝေပေးမှာမဟုတ်ဘူး..၊ ဟာ ဟိုအဘွား ဘယ့်နှယ့်ကြောင့် ပုံးကို ရှေ့ဆုံးက လာတန်းစီရတာလဲ..ကိုယ့်အလှည့်နဲ့ကိုယ်မို့ ဟိုး နောက်ဆုံးနားက တန်းစီပါ၊ ကျွန်တော်တို့ကလည်း အကုန်လုံး ညီညီမျှမျှရစေချင်လို့ ပြောတာပါခင်ဗျာ”၊
အဲဒီစကားသံတွေကတော့ ပဲခူးတိုင်း က၀မြို့နယ်ထဲက ရွာတစ်ရွာမှာ ရေပေးဝေလှူဒါန်းနေတဲ့ အသံတွေပါ၊ မြို့ပေါ်က စေတနာရှင်အဖွဲ့တွေက သောက်သုံးရေ ပြတ်လပ်နေတဲ့ ရွာတွေကို ရေလှူကြတဲ့အခါ တိုးဝှေ့ပြီး ရေလုနေကြတဲ့ မြင်ကွင်းနဲ့ ရေပေးဝေနေတဲ့ သူတွေရဲ့ စကားသံတွေပါပဲ၊ ထိုအသံတွေကို ကြားရတဲ့အခါ စာရေးသူရဲ့ ရင်ထဲမှာ နာကျင်မှု ဝေဒနာနဲ့အတူ ပျော်ရွှင်မှုကိုပါ အတွဲလိုက်ရလိုက်ပါတယ်..၊ သတ္တ၀ါတွေရဲ့ အဓိကအသုံးဖြစ်တဲ့ရေ ပြတ်လပ်နေတာကို တွေ့ရလို့ ၀မ်းနည်း နာကျင်ရပေမဲ့ စေတနာရှင်တို့ရဲ့ လူသားချင်းကူညီနေမှုတွေကို တွေ့ရပြန်တော့လည်း ၀မ်းသာရပြန်တယ်.၊ ရေအလှူရဲ့ အကျိုးတရားဟာ အလှူပေး အလှူခံ နှစ်ဦးလုံးအပေါ်မှာ အတော်လေး ထိထိရောက်ရောက်ရှိလှပါတယ်.၊ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က တစ်ခါတုန်းက တက္ကသိုလ်မှာဆိုတဲ့ ကိုရီးယားဇာတ်လမ်းတွဲလေးကိုကြည့်တော့ ဇာတ်ဝင်ခန်းလေး တစ်ခုကို သတိရမိတယ်၊ အဲဒီမှာ အေအိုင်ဒီအက်စ်ရောဂါခံစားနေရတဲ့ ဘတ်စကက်ဘောသမားတစ်ယောက်ကို မင်းသားနဲ့မင်းသမီးက စေတနာဝန်ထမ်းအဖြစ် ပြုစုစောင့်ရှောက်ပေးနေတဲ့ ဇာတ်ဝင်းခန်းလေးပါပါတယ်၊ မင်းသားက ခင်ဗျားဘ၀မှာ အခုချိန်ဘယ်အရာကို အတမ်းတ သတိတရအဖြစ်ဆုံးလဲလို့ မေးတဲ့အခါမှာ ခုနက နိုင်ငံကျော် ဘတ်စကက်ဘောသမား အေအိုင်ဒီအက်စ် ဝေဒနာရှင်က “ဘတ်စကက်ကစားပြီးလို့ မောပန်းနေတုန်းမှာ သောက်လိုက်ရတဲ့ အေးမြကြည်လင်တဲ့ရေကြည်လေးတစ်စက်ကို သတိရတယ်-အဲဒီထက်ကောင်းတဲ့ အရသာ ဘာရှိဦးမလဲဗျာ”လို့ ပြန်ပြောတယ်..၊ အဲဒီဇာတ်ဝင်ခန်းလေးကို ကြည့်လိုက်ရစဉ်က ဘယ်လိုမှ မခံစားခဲ့ရဘူး။ အခု တောဘက်တွေမှာ ရေပြတ်နေလို့ အတိဒုက္ခ ရောက်နေတဲ့ သူတွေကို တွေ့တော့မှ ခုနက ဇာတ်ဝင်ခန်းလေးကို ရိုက်ပြတဲ့ “ဒါရိုက်တာကို မချီးကျူးဘဲ မနေနိုင်တော့ဘူး။ သူကိုယ်တိုင်ရော ရေနဲ့ပတ်သက်ပြီး “ဒုက္ခရောက်ခဲ့ဖူးလို့များ အဲဒီဇာတ်ဝင်ခန်းလေးကို ရိုက်ပြထားတာများလားလို့တောင် ဆက်စပ်တွေးမိတယ်။ တကယ်တော့ ရေရဲ့တန်ဖိုးကို ရေပြတ်လပ်သွားပြီဆိုတော့မှ တကယ်သိကြတာပါ။ မေလတစ်ရက်နှစ်ရက်လောက်ကစပြီး မြန်မာနိုင်ငံတောရွာတွေမှာ ရေပြတ်လပ်နေကြတယ်ဆိုတာကို မဂ္ဂဇင်းတွေ ဂျာနယ်တွေကတစ်ဆင့် စတင်သိရပါတယ်။ ခါတိုင်းနှစ်တွေနဲ့ မတူဘဲ “ဒီနှစ်မှာ တောရွာတော်တော်များများ ရေကန်တွေ ၊ ရေတွေခမ်းခြောက်ကုန်တယ်၊ စာရေးသူတို့ရဲ့ က၀မြို့နယ်မှာ ရွာပေါင်းကိုးဆယ်ကျော်ရှိပါတယ်. ရွာတိုင်းလိုလိုပဲ မိုးရာသီကရတဲ့ မိုးရေကိုလှောင်တဲ့ မြေစိုက်ရေကန်ကြီးတွေရှိကြတယ်၊ ရွာတစ်ရွာမှာ နှစ်ကန်တော့ အနည်းဆုံး ရှိကြပါတယ်၊ မိုးရာသီက ရတဲ့ရေကို ကန်ထဲမှာ သိုလှောင်ထားပြီး ဆောင်းရာသီနဲ့ နွေရာသီရောက်ရင် တစ်ရွာလုံးက လူရော တိရစ္ဆာန်တွေရော ကန်ထဲကရေကို သုံးကြရတယ်၊ သောက်ကြရတယ်၊ မြို့ပြကလူတွေက ကျန်းမာရေးအတွက်ဆိုပြီး သောက်ရေသန့်တွေ ကိုယ်စီသောက်နေတဲ့ အချိန်မှာ တောရွာမှာနေရတဲ့သူတွေကတော့ ရွာထဲကရေကန်ကြီးတွေဟာ သူတို့ရဲ့ ဧရာမသောက်ရေသန့်ကန်ကြီးတွေပါပဲ၊ ဒီနှစ်တော့ သူတို့တွေရဲ့ ရေကန်ကြီးထဲကရေတွေကို တဖြည်းဖြည်းနဲ့ တပေါင်း-တန်ခူး-ကဆုန်မှာပူတဲ့နေလုံးက ငုံ့သောက်သွားတော့ တောရွာကလူတွေဟာ နွေအပူနဲ့အတူ ဒီနှစ်ရေလောက်ပါ့မလားဆိုတဲ့ ရင်အပူပါ ရောထွေးသွားတယ်၊ စာရေးသူက တောရွာတွေ ရေပြတ်ပြီဆိုတဲ့ အသံတွေကြားကတည်းက တစ်နိုင်တစ်ပိုင်လေး လှူချင်စိတ်ပေါ်လာတယ်၊ ဒါပေမဲ့ စာရေးသူဖြေရမယ့် TOEFL စာမေးပွဲက မေ(၈)ရက်နေ့မှ ပြီးမှာဆိုတော့ စာကိုပဲ လုပ်နေလိုက်ရတယ်. စိတ်ထဲမှာတော့ ရေအလှူစေတနာရှင်တွေလာရာလမ်းကို မျှော်နေကြမယ့် တောရွာတွေကိုပဲ မြင်နေမိတယ်၊ စာရေးသူတို့ ရွာဖြစ်တဲ့ ညောင်တပင်ရွာမှာဆိုရင် ရေမရလို့ မြွေတွေတောင် သေကုန်တယ်၊ လူတွေကတော့ ရေရှိတဲ့ နေရာကို မရအရ လိုက်ရှာတတ်ပေမယ့် ရွာရေကန်ထဲကရေကိုပဲ သောက်နေရတဲ့ တွင်းအောင်းသတ္တ၀ါတွေကြတော့ ရွာရေကန် ရေပြတ်ပြီဆိုရင် သူတို့အတွက် သောက်စရာ တစ်ခြားနေရာမရှာတတ်တော့ဘူးလေ၊ ရှာပြန်ရင်လည်း လူတွေက တွေ့ရင်ရိုက်သတ်တဲ့ အန္တရာယ်ကရှိနေသေးတော့ အပြင်ကိုလိုက်မရှာတော့ဘဲ ရေငတ်ပြီး အသေခံလိုက်တော့တယ်၊ အလကားရတဲ့ရေကိုမှ ငတ်လို့သေရတယ်ဆိုတာ သနားစရာ အလွန်ကောင်းလှပါတယ်၊ ရွာတွေမှာက “ဒီနှစ်ရေမလောက်လို့ နောက်နှစ်အတွက် ရွာရေကန်ကြီးကို နစ်နစ်လေး ထပ်တူးပြန်တော့လည်း သဲပေါက်တဲ့ အတွက်ကြောင့် ရှိနေတဲ့ အတိမ်အနက်ထက် ပိုပြီးတူးလို့ မရပြန်ဘူး၊ အဲဒီဒုက္ခတွေကို တောမှာနေခဲ့တဲ့ စာရေးသူကသိနေတော့ အခုလို ရေပြတ်ပြီဆိုတဲ့အခါ လှူဒါန်းချင်တဲ့စိတ်ဖြစ်လာတယ် စာမေးပွဲပြီးလို့ မေလ(၁၀)ရက်နေ့က စပြီး ပဲခူးမြို့ပေါ်ကနေတစ်ဆင့် ကိုယ့်တစ်နိုင် တစ်ပိုင်နဲ့ ရွာတွေကို ကားနဲ့ ရေလိုက်လှူပါတယ်၊ ကိုယ်လှူမယ့် ရွာကို ရေကားမရောက်သေးခင်မှာ ကွင်းထဲမှာ နေကြတဲ့ တဲလေးတွေက ရေကားကို မြင်တဲ့အခါ လက်နဲ့တား-တစ်ဖန်ရေပုံးတွေကို ယူလာကြပြီး ရေတစ်ပုံးလောက်ချထားပေးခဲ့ပါလို့ တောင်းဆိုသံတွေကို ဒုနဲ့ဒေးမြင်ရတဲ့အခါ စာရေးသူရင်ထဲမှာ နင့်နေအောင်ခံစားရပါတယ်၊ နေ့စဉ်လိုလိုပဲ ကားတွေနဲ့သယ်ပြီး ရေလှူနေကြတဲ့သူတွေလည်း အများအပြား မြင်ခဲ့ရပါတယ်၊ ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်လိုက်ပါတယ်၊ သောက်ရေရော သုံးရေပါ မရှိကြတော့ တစ်ရွာကို ရေကားကြီး (၃)စီးလောက်ဝင်မှ မျှတရုံပဲ ရှိပါတယ်၊ ဂါလံ တစ်ထောင်ပါတဲ့ တစ်စီးလောက်နဲ့ ဆိုရင် တစ်အိမ် တစ်ပုံးတောင် ရဖို့ မလွယ်ပါဘူး၊ တစ်ချို့ဆိုရင် ရေအလှူကားလာလို့ ၀မ်းသာအားရနဲ့ ပြေးလာပြီးမှ ဒီကြတော့ ရေမရလိုက်တာတွေလည်း ရှိပါတယ်၊ စာရေးသူက ကိုယ့်မှာရှိတဲ့ ပိုက်ဆံလေးနဲ့ လှူနေရင်းက နောက်တော့ ၀ိုင်းဝန်းလှူကြတဲ့သူတွေ ရှိတော့ ပိုပြီးများများစားစားလေး လှူဖြစ်သွားတယ်..၊ အထူးအားဖြင့် ရန်ကုန်မြို့မှ ဒါယိကာ ဦးမြင့်ဆွေတို့ မိသားစု-ပဲခူးမြို့မှ ၀င်းစတားကုမ္ပဏီမိသားစုနဲ့ စာရေးသူရဲ့ ရဟန်းဒါယိကာ ဒါယိကာမတွေကို အထူးပဲ ကျေးဇူးတင်မိတယ်၊ သူတို့တွေထောက်ပံ့လို့ လှူနိုင်တာပဲ၊ မိုးက မေလ(၁၈)ရက်နေ့မှ စပြီးရွာချတယ်၊ မြို့ပေါ်က ရေအလှူရှင်တွေရော မိုးမျှော်သူတွေပါ ၀မ်းသာပီတိ အဆုံးမရှိဖြစ်ကြတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် မိုးမရွာသေးမချင်း ရေ လျှောက်လှူနေမယ်လို့ သန္နိဌာန်ချထားခဲ့တာပါ၊ ဘာဖြစ်ချင်လို့မှ မဟုတ်ပါဘူး၊ ဒါယိကာကြီးဦးမြင့်ဆွေက ရေအတွက် ၀တ္ထုလှူတဲ့နေ့မှာ ပြောတဲ့ စကားလေးကို ဒီနေရာမှာ ထည့်ပြောပြချင်တယ်၊ တော်တော်သဘောကျစရာကောင်းတယ်၊ ဦးဇင်းတဲ့ ရေလှူတဲ့သူဟာ တောင်ထိပ်မှာ တက်နေရင်တောင် အဲဒီပုဂ္ဂိုလ်ရေမငတ်ဘူး လို့ ပြောသွားတယ်၊ မြတ်စွာဘုရားလက်ထက်အခါက ၀ိသာခါကျောင်းအမကြီးရဲ့ စိတ်ဓာတ်အတိုင်းသဘောထားပြီး ရေလှူခဲ့တာပါ၊ မြတ်စွာဘုရား သာဝတ္ထိမှာ သီတင်းသုံးတော်မူစဉ်မှာ ရဟန်းတော်အပါး ခြောက်ဆယ်ဟာ နွေရာသီအပူဒဏ်ကို ဖြတ်ပြီး ဘုရားဖူးရန် သာဝတ္ထိကို ကြွလာခဲ့ကြတယ်၊ ပူလွန်းအိုက်လွန်းလို့ မြိတ်တွေတောင်ပေါက်တဲ့အထိ ရဟန်းတော်တွေ အတိဒုက္ခခံစားခဲ့ရတယ်၊ ညနေခင်းမှာ သာဝတ္ထိရောက်ပြီး မကြာသေးခင်မှာပဲ မိုးကရွာချတယ်၊ အဲဒီတော့ ခုနက ပူအိုက်နေတဲ့ ရဟန်းတော်တွေဟာ ရေချိုးချင်စိတ်ဖြစ်လာတာနဲ့ အကုန်လုံး မိုးရေထွက်ချိုးကြတယ်၊ ရဟန်းတော်တွေက သင်္ကန်းသုံးထည်ပဲ ဆောင်တော်မူတဲ့ ရဟန်းတော်တွေဆိုတော့ မိုးရေကို အ၀တ်ဗလာနဲ့ ထွက်ချိုးကြတယ်၊ ၀ိသာခါကျောင်းအမကြီးက သူ့ကျောင်းကို အာဂန္တုကရဟန်းတွေ ရောက်နေတယ်ဆိုတဲ့ အကြောင်းကိုကြားတော့ မနက်ဖြန်ဆွမ်းစားကြွဖို့ ကျွန်တစ်ယောက်ကို လွှတ်ပြီးအပင့်ခိုင်းတယ်၊ ကျွန်ကလည်း မိုးရေထဲမှာ အပြေးလေးလာပြီး ကျောင်းတော်ထဲဝင် ဘုန်းကြီးပင့်မလို့ ကြည့်လိုက်တဲ့အခါကြတော့ ကျောင်းထဲမှာတွေ့လိုက်ရတာက အ၀တ်မ၀တ်ထားတဲ့သူတွေဆိုတော့ သူက ရဟန်းတော်တွေလို့ မထင်တော့ဘူး၊ အိန္ဒိယမှာ ထိုစဉ်က ခေတ်စားနေတဲ့ (ယခုလည်း အိန္ဒိယရဲ့ တစ်ချို့ ဒေသတွေမှာ ခေတ်စားနေတုန်းပဲ) အ၀တ်မ၀တ်တဲ့ တကဒွန်းတွေ-တိတ္ထိတွေလို့ စိတ်ထဲမှာ ထင်သွားတယ်၊ ဒါနဲ့ ကျောင်းအမကြီးကို ကျောင်းထဲမှာ တိတ္ထိတွေပဲ တွေ့ခဲ့တယ်လို့ပြန်ပြောတယ်၊ ၀ိသာခါကျောင်းအမကြီး ကိုယ်တော်တွေ သင်္ကန်းရှားပါးလို့ အ၀တ်ဗလာနဲ့ ရေချိုးနေတာပဲဆိုတာကို သိတော့ မိုးတိတ်သွားတဲ့အခါ စောစောကကျွန်ကိုပဲ ကျောင်းကို တစ်ခေါက်ပြန်လွှတ်တယ်၊ ဒီအခါမှာ မိုးရေချိုးနေတဲ့ ကိုယ်တော်အားလုံးက သင်္ကန်းညီညီညာညာဝတ်ရုံလို့ တရားရှုမှတ်နေပြီ၊ နောက်တစ်နေ့ မနက်မှာ ထိုကိုယ်တော် အပါးခြောက်ဆယ်အတွက် သင်္ကန်းအစုံခြောက်ဆယ်ကို ၀ိသာခါကျောင်းအမကြီးက လှူလိုက်တယ်၊ ထိုအလှူပွဲမှာ မြတ်စွာဘုရားရှင်က တရားဟောတော်မူရင်းနဲ့ ကျောင်းအမကြီးကို ဘာအတွက်ရည်မှန်းပြီး သင်္ကန်းလှူခဲ့တာလဲ လို့ မေးတော်မူပါတယ်၊ ဒီအခါမှာ ၀ိသာခါကျောင်းအမကြီး ဖြေကြားတဲ့ အဖြေလေးဟာ အတော်လေး မှတ်သားစရာကောင်းလှပါတယ်၊ သူဟာ ဒီသင်္ကန်း လှူရတဲ့ အတွက်ကြောင့် ဘာအကျိုးမှ မရည်ရွယ်ခဲ့ပါဘူး၊ ယခု လို သူလှူလိုက်ရတဲ့ သင်္ကန်းကို ၀တ်ရုံလိုက်သောအားဖြင့် သာသနာတော်ကို တိတ္ထိလို့အထင်မခံရရင်တော်ပါပြီ၊ တဲ့။ ဘယ်လောက်လေးစားစရာ ကောင်းတဲ့စကားလေးပါလဲ၊ စာရေးသူနဲ့ အတူနွေမှာ ရေတန်ဖိုးကိုသိပြီး လှူခဲ့ကြတဲ့ သူတွေအားလုံးဟာလည်း ရေလှူရတဲ့ အကျိုးဟာ ဘာကိုမှ မမျှော်ကိုးပါဘူး၊ ဒီရေကို သောက်သုံးလိုက်ရတဲ့သူတွေမှာ ရေငတ်ပြေသွားရင် တော်ပါပြီဆိုတဲ့ စိတ်ဓာတ်ပဲ ကိုယ်စီကိုယ်စီ ရှိကြပါတယ်။ ဒါကြောင့် စာရေးသူနဲ့အတူ ရေအလှူမှာ ပါဝင်ခဲ့တဲ့သူတွေနဲ့ နွေရာသီမှာ ရေလှူခဲ့ကြတဲ့ အဖွဲ့အားလုံးကို ဂုဏ်ပြုချင်လို့ ဒီဆောင်းပါးလေး ရေးဖြစ်သွားတာပါ။

အရှင်ဇဋိလ-က၀ (သီတဂူဓမ္မကထိက)

ကေတုမတီအဆောင်

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်

စစ်ကိုင်းတောင်ရိုး၊ စစ်ကိုင်း။

0 Comments:

Post a Comment