Friday, May 22, 2009

“အမေ”

အဝေးရောက် မိတ်ဆွေ၊ သူငယ်ချင်း၊ ကိုကို မမ မောင် ညီမ များအတွက် သူငယ်ချင်းတစ်ယောက် မေးလ်ထဲမှ ပေးပို့သော ကဗျာလက်ဆောင်လေးအား ပြန်လည်မျှဝေ ခံစားစေလိုသော ဆန္ဒမွန်ဖြင့်.....
<<<<<
ရေကြည် တစ်ပေါက်က မြင်းမိုရ်တောင်ကို တမ်းတသလိုမျိုး
တိတ်တခိုး အိမ်လွမ်းစိတ်နှင့် အမေ့ကို အိမ်မက် မက်တယ်။
ဒီအချိန်ဆို အမေ အိမ်မှာ ဘာလုပ်နေမလဲ
တစ်ယောက် လျော့နေတဲ့ ထမင်းစားပွဲ
အမေ့ ရင်ထဲ ငိုနေမလား
ငှက်ကလေးတွေ အစာကျွေး
အဝေးက သားကို မေတ္တာပို့
အမေမျက်ရည် စို့နေမလား
တောင်ပံ ရှိပါလျက် အပျံခက်တဲ့ သား ဘဝ
ခုထိတော့ ဝေးနေရတုန်းပဲ။
မလှရင် နေပါစေ
အမေ လူးပေးတဲ့ သနပ်ခါး ဘဲကျားကို ချစ်တယ်။
ရင်ထဲမှာ တင်းကျပ်နေသမျှ
အမေ့ ကို ဖွင့်ဟပြီး တိုင်ပင်ခွင့် ရချင်တယ်။
စိတ်ကူးနယ်ထဲက အမေ၊ဓာတ်ပုံထဲက အမေ
ဖုန်းထဲက အမေ၊စာထဲက အမေ
သီချင်းထဲက အမေ၊ ဒါတွေကိုမလိုချင်ပါဘူး။
အမေ့ မေတ္တာရိပ်၊ လုံခြုံ တိတ်ဆိတ်တဲ့အရပ်လို
ထပ်တူညီ ရှာတွေ့ဖို့ မဖြစ်နိုင်တော့
ကြယ်ကြွေချိန်မှာ ဆုတောင်းသာ ပြည့်မယ်ဆိုရင်
အမေ့အိမ် ပြန်ချင်တယ်။

စာရေးသူ (သံလွင်ခက်)
ဒီကဗျာသည် အပျိုစင်မဂ္ဂဇင်းမှ စာရေးသူ မသံလွင်ခက်ရဲ့ ကဗျာဖြစ်ပါသည်
အမေကို အမြဲသတိရလျက်...အမေ့အိမ်နှင့် ဝေးနေတဲ့
သား
>>>>>

5 Comments:

မိုးခါး said...

အမရယ် .. ငိုချင်အောင် လုပ်ပြန်ပီ

Anonymous said...

အမေ့ကို...သတိရနေပါတယ်ဆိုဗျာာာာာာ

ပြာသို

mgnge said...

ကဗျာရယ်.. လွမ်းလိုက်တာဟာ အမေ့ကို

မိုးစက်အိမ် said...

ကောင်းတယ် ကဗျာလေး...

မသက်ဇင် said...

ကဗျာလေးဖတ်ပြီးပိုလွမ်းတယ်ကဗျာရယ်

Post a Comment