သက်တော် (၂၄)နှစ်၊ ၀ါတော် (၄)၀ါအရမှာ ပျံလွန်တော်မူသွားတဲ့ အရှင်ဓမ္မပိယ ဘွဲ့အမည်ရ ဦးဇင်းလေးတစ်ပါး အကြောင်းကို ပြန်လည်ရေးသား ပြောပြချင်ပါတယ်...။
မန္တလေးက စာသင်တိုက်မှာ ဓမ္မာစရိယတန်း တက်နေတဲ့ ဦးဇင်းလေးဓမ္မပိယပါ။ တစ်နေ့ သူနေတဲ့ စာသင်တိုက်မှာ ဦးဇင်းတစ်ပါးက သရီးရိုင်ဖယ်ဆိုတဲ့ သင်္ကန်းတစ်စုံ ပျောက်တယ်တဲ့။ ပျောက်တဲ့ဦးဇင်းက ဦးဇင်းလေးဓမ္မပိယကို စွပ်စွဲတယ်ပေါ့လေ။ နောက်ဆုံး ဘယ်အထိဖြစ်လာသလဲဆိုတော့ ကျန်တဲ့ဦးဇင်းတွေကပါ ယုံလာပြီး စကားတွေ၊ ဘာတွေ မပြောကြတော့ဘူးတဲ့၊ ပိုဆိုးတာကတော့ ဆွမ်းအတူမစားကြတော့တာဘဲ။ သူများပစ္စည်းခိုးရင် ပါရာဇိကကျတာဆိုတော့ ပါရာဇိကကျတဲ့ဦးဇင်းနဲ့ ဆွမ်းအတူမစားချင်ကြတဲ့ သဘောပေါ့လေ။
အားလုံးက ၀ိုင်းကြဉ်ထားတော့ ဦးဇင်းလေးလည်း တော်တော်လေး အထီးကျန်လာပုံရတယ်။ နောက်တော့ သူ ကျောင်းထိုင်ဆရာတော်ကို သွားလျှောက်ပြလိုက်တယ်။ ဆရာတော်က ချက်ချင်း သံဃာကုန်ခေါ်ပြီး သြ၀ါဒပေးတယ်။ တပ်အပ်မမြင်ဘဲနဲ့ မစွပ်စွဲဖို့ပေါ့လေ။ သံဃာကြားထဲမှာ ဦးဇင်းလေးပိယက လူးလှိမ့်ငိုနေတယ်တဲ့။ သူမဟုတ်တဲ့အကြောင်းလည်း ကျိန်ပြီး ပြောတယ်တဲ့။ နောက်ဆုံးတော့ သူ့ဇာတိကျောင်းကို ပြန်သွားတော့တာပဲ။ သူ့ဇာတိကျောင်းကို ပြန်ရောက်တဲ့အချိန်က ကျောင်းထိုင်ဘုန်းကြီး ဆွမ်းစားနေတဲ့အချိန်(၁၁)နာရီလောက်ရှိပြီ။ ဒါနဲ့ပဲ ကျောင်းထိုင်ဘုန်းကြီးက "ဦးဇင်း တစ်ခါတည်း ၀င်ဘုဉ်းပေးလိုက်" လို့ ပြောလိုက်ပါတယ်။ ဒါပေမယ့် သူက ဘာပြန်ပြောသလဲဆိုတော့ "ဆရာတော်လည်း တပည့်တော်ကို ယုံမှာမဟုတ်ပါဘူး၊ တပည့်တော်ကို တစ်ပါးတည်းပဲ ပြင်ပေးပါ"တဲ့။ ကျောင်းထိုင်ဘုန်းကြီးကလည်း "ဟဲ့...ဦးဇင်း ဘာတွေပြောနေတာလဲ၊ လာ...တစ်ခါတည်း ဒီမှာဝင်ဘုဉ်းပေး"လို့ ထပ်ပြောပေမယ့် သူက အကြောက်အကန် ငြင်းနေတာနဲ့ နောက်ဆုံးတော့ သူစိတ်ချမ်းသာပါစေဆိုပြီး ကျောင်းထိုင်က ကျောင်းသားလေးကို ပြင်ကျွေးခိုင်းလိုက်တယ်။ နောက်ရက်တွေမှာလည်း အဲဒီအတိုင်းပဲ တစ်ပါးတည်းပဲ စားတယ်။ ဘယ်သူနဲ့မှလည်း စကားမပြောဘူး။ ပြီးတော့ ကျောင်းထောင့်က မန်ကျည်းပင်အောက်မှာ အမြဲသွားသွား တရားထိုင်တယ်။ အဲဒီကိုရောက်ပြီး (၁၅)ရက်မြောက်တဲ့နေ့မှာတော့ ... အဲဒီ သူတရားထိုင်တဲ့ မန်ကျည်းပင်မှာပဲ ကြိုးဆွဲချ ပျံလွန်တော်မူသွားတယ်။
ပျံလွန်တော်မူတော့ သင်္ကန်းကြားထဲမှာ စာရွက်ကလေးတစ်ရွက် တွေ့ရတယ်။ ဘာရေးထားသလဲဆိုတော့ "ဘ၀ဆက်တိုင်း သံသယဖြင့် နှိပ်စက်ခံရသူအဖြစ်မှ ကင်းလွတ်ရပါလို၏" တဲ့။ တစ်မြို့လုံးကလည်း စိတ်မကောင်းကြဘူး။ သူ ဘာတွေဖြစ်လာခဲ့တယ်ဆိုတာလည်း မသိကြရဘူးပေါ့။
ပျံလွန်တော်မူပြီး သုံးလလောက်ကြာတော့ ဦးဇင်းပိယနဲ့ တော်တော်ခင်တဲ့ သူ့ရဲ့သူငယ်ချင်း ဦးဇင်းတစ်ပါး ရောက်လာတယ်။ ရောက်လာတဲ့ ... သူ့ သူငယ်ချင်းဦးဇင်းဆီကစကား ကြားရတော့မှ အားလုံး စိတ်မကောင်း ဖြစ်ကြရတယ်။ သင်္ကန်းပျောက်တဲ့ ဦးဇင်းလေးက သင်္ကန်းပျောက်သွားတာတော့ တကယ်ပျောက်သွားတာပဲ။ ဖြစ်ပုံက အဲဒီ ဦးဇင်းလေးက ဆွမ်းခံကြွနေတုန်း သူ့ရဲ့ဦးလေး ဘုန်းကြီးက တောကရောက်လာတယ်တဲ့။ မန္တလေးကို ပစ္စည်းလာဝယ်တာတဲ့။ သေတ္တာပေါ်မှာ သရီးရိုင်ဖယ် သင်္ကန်းကို တွေ့သွားပြီး သဘောကျတာနဲ့ တူလည်းဖြစ်၊ တပည့်လည်းဖြစ်နေတာနဲ့ မပြောဘဲ ယူသွားလိုက်တယ်။ ဘူတာကို ချက်ချင်း ဆင်းရတာဆိုတော့ ယူသွားတဲ့အကြောင်း ဘယ်သူ့မှလည်း ပြောချိန်မရတော့ဘူးတဲ့လေ။ အဖြစ်မှန်ကို ဘယ်သူမှမသိကြတော့ ပြဿနာဖြစ်ကြတော့တာပေါ့။
နောက် ဦးဇင်းလေးဓမ္မပိယ ပျံလွန်တော်မူပြီး နှစ်လလောက်နေမှ သင်္ကန်းပျောက်တဲ့ဦးဇင်းလေးက သူ့ရွာပြန်မှ ဦးလေးဘုန်းကြီးက သူ သင်္ကန်းယူသွားတဲ့အကြောင်း ပြောပြတာတဲ့၊ အဖြစ်မှန်ကို သိရတဲ့အချိန်မှာ အားလုံးက လွန်ကုန်ပြီပေါ့။
တစ်ထွာလောက်ရှိတဲ့ လျှာတစ်ချောင်းဟာ သိပ်ကြောက်ဖို့ကောင်းတယ်။ ဘာမဟုတ်တဲ့ စကားတစ်ခွန်းဟာ အသက်တစ်ချောင်းအထိ ဆုံးရှုံးသွားရတယ်။
ဒီဇာတ်လမ်းမှာ အပြစ်ရှိသူက ဘယ်သူလည်းဆိုတာတော့ .....
Look back to memory lane
-
ဟိုးအရင်နှစ်တွေက Memory အဟောင်းတွေ ပြန်ကြည့်မိရင် စိတ်က ရုတ်တရက် နူးညံ့
ကြည်လင်သွားသလိုပဲ... ချက်ချင်းကို စာအသစ်တွေ ရေးဖွဲ့ချင်စိတ်လည်း
ဖြစ်လာမိတယ်။ ဒါမယ့်...
2 months ago
0 Comments:
Post a Comment