လွန်ခဲ့တဲ့တစ်လလောက်က ဗုဒ္ဓဘုရားရှင်အပေါ်ကို စော်ကားပြောဆိုထားတဲ့ ၀က်ဘ်ဆိုက်တစ်ခုကို အင်တာနက်မှာဖတ်မိပြီး ဒီဆောင်းပါးလေး ရေးချင်စိတ်ဖြစ်သွားတာနဲ့ ရေးဖြစ်သွားတယ်။ ပြန်လည်ပြီးတိုက်ခိုက်ပြောဆိုဖို့ရာ မဟုတ်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ စွတ်စွဲပြောဆိုသူရဲ့ စကားလုံးတွေက ကြမ်းတမ်းပြီးတော့ တစ်ခုမှလည်း မမှန်ကန်လို့ပါ။ ဗုဒ္ဓဘာသာတွေဘက်ကလည်း ပြန်လည်တိုက်ခိုက်ပြောဆိုတာတွေ ရှိပါတယ်။ အဲဒီလိုတွေ အပြန်အလှန် ပြောဆိုနေကြရင်ဖြင့် ဘယ်တော့မှလည်း အဖြေမှန်ကို ရမှာမဟုတ်ပါဘူး။ အဓိက ငြင်းခုန်နေကြတာကတော့ ငရဲ ရှိမရှိဆိုတာနဲ့ နိဗ္ဗာန်ရှိမရှိဆိုတာတွေပါပဲ။ ငရဲဆိုတာ ဗုဒ္ဓဘာသာတွေရဲ့ မရောက်ချင်ဆုံးသော နေရာတစ်နေရာ ဖြစ်သလို ထို့အတူပဲ နိဗ္ဗာန်ဆိုတာဟာလည်း ဗုဒ္ဓဘာသာတိုင်းရဲ့ ပန်းတိုင်ပါပဲ။ လူတစ်ဦးတစ်ယောက်ရဲ့ အသက်လောက်ယုံထားတဲ့ ယုံကြည်ချက်ကို တစ်ခြားတစ်ယောက်ကပုတ်ခတ်ပြောဆိုခွင့် မရှိပါဘူး။ ဒါဟာ ဘယ်ဘာသာရယ်မှ မဟုတ်ဘဲ ဘာသာအားလုံးရဲ့ ဥပဒေသပါ။ လောကမှာ မြတ်စွာဘုရား ပွင့်တော်မူလာတာဟာ ရည်ရွယ်ချက်သုံးပါး ရှိပါတယ်။ ဗုဒ္ဓဘာသာတွေ သိပြီးသားဖြစ်ပေမယ့် နားမလည်သေးတဲ့ သူတွေ အတွက် ရှင်းပြချင်ပါတယ်။ ဒီရည်ရွယ်ချက်တွေနဲ့ ဆက်စပ်ဖြစ်ပေါ်လာတဲ့ အကြောင်းအရာတွေကို စာရေးသူလည်း ဟိုတုန်းက သိပ်နားမလည် မရှင်းလင်းခဲ့ပါဘူး။ တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ ဟောကြားရှင်းလင်းပြသည့် တရားတော်ကို နာကြားပြီးကတည်းက သဘောတော်တော်ကျသွားပါတယ်၊ ဘုရားအပေါ်ကို ယုံကြည် ကြည်ညိုတဲ့စိတ်လည်း ပိုပိုပြီး ဖြစ်ပေါ်လာခဲ့ပါတယ်။ ရည်ရွယ်ချက်သုံးပါးက (၁) အတ္တ (၂) ဟိတ (၃) သုခ တို့ပါပဲ၊ အတ္တ ဆိုတာ အကျိုးများဖို့ ဟိတ ဆိုတာ အစည်းအပွားဖြစ်ထွန်းဖို့နဲ့ သုခဆိုတာ ချမ်းသာဖို့လို့ အဓိပ္ပါယ်ရပါတယ်။ လူတွေရဲ့ အကျိုးစည်းပွားအတွက်ဆိုတာ လူများစုအတွက်ပါ၊ ပါဠိလိုတော့ ဗဟုဇနဟိတ ဗဟုဇနသုခလို့ပါပါတယ်။ အကုန်လုံးတော့လည်း မတတ်နိုင်ပါဘူး။ ဒီနေရာမှာ ဘုရားရှင်ပွင့်လာတာနဲ့ လူတွေစည်းပွားဖြစ်သွားပါပြီလား လူတွေချမ်းသာသွားပါပြီလား မေးစရာရှိလာပါတယ်၊ မေးလည်းမေးပါ။ ဗုဒ္ဓ၀ါဒကိုက ၀ိဘဇ္ဇ၀ါဒ ဝေဘန်စီစစ်ခံတဲ့ဝါဒဖြစ်ပါတယ်။ ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့ လူအများစု ဘာလို့ဆင်းရဲသလဲ၊ မေးပါ-မေးလည်းမေးနေကြပါတယ်။ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက ထိုမေးခွန်းတွေရဲ့ အဖြေအတွက် ဘုရားရှင် ကိုယ်တော်မြတ်ကြီးကို ကုသမှုမှာအင်မတန် ကျွမ်းကျင်တော်မူတဲ့ ဆေးပါရဂူတစ်ယောက်နဲ့ ဥပမာပေးတော်မူခဲ့ပါတယ်။ ဆေးပါရဂူတစ်ယောက်ဟာ သူ့ထံကို လူနာလာမကုချင်ရင်ဖြင့်လည်း နေပါ။ နေလို့ရပါတယ်၊ လာကုလှည့်ပါလို့ မပြောပါဘူး။ သူ့ကို ယုံလို့ လာပြီးဆေးကုတဲ့ လူတွေကတော့ဖြင့် သူ့စကားကို သေသေချာချာ နားထောင်ရပါမယ်။ ဒီအစားအစာကို မစားနဲ့လို့ သူကပြောရင် မစားဘဲ နေရမှာပါ။ ဒီနေ့မှ ရေချိုးဆိုရင် ထိုနေ့ကျမှ ရေချိုးရပါမယ်။ စသည်စသည်ဖြင့် သူ့စကားကို သေချာနားထောင် ရမှာပါ။ နားထောင်ရဲ့သားနဲ့မှ ရောဂါမပျောက်ရင်ဖြင့် ဆေးဆရာရဲ့ တာဝန်ပါပဲ။ ကိုယ်ကတော့ဖြင့် ဆေးဆရာရဲ့ စကားကို နားထောင်ချင်တဲ့ စကားကိုကြ နားထောင်လိုက်မယ်-ကိုယ်မကင်းနိုင်တဲ့ အရာကိုတော့ နားမထောင်ဘဲနေမယ်ဆိုရင်တော့ ရောဂါမပျောက်ခဲ့ရင် ဆေးဆရာနဲ့ မဆိုင်တော့ပါဘူး။
ဆိုတော့ဖြင့် ဗုဒ္ဓဘာသာအများစုကကော ဆေးဆရာနဲ့တူတဲ့ မြတ်စွာဘုရားရှင်ရဲ့စကားကို သေချာနားထောင်နေပါရဲ့လား၊ ဘုရားရှင်က ကြီးပွားဖို့ရန်ဟောထားသောတရားတော်တွေ များစွာရှိပါတယ်၊ လူတွေသေချာလိုက်နာ ကျင့်သုံးကြပါရဲ့လား၊ ပြန်လည်မေးရပါလိမ့်မယ်။ လူတွေရဲ့ စည်းပွားချမ်းသာကိုမဆိုထားနဲ့ ကျန်းမာရေးအခြေခံဖြစ်တဲ့ လက်သည်း ခြေသည်း ရှည်လာရင် လှီးဖြတ်ဖို့ရန်ဆိုတဲ့ သေးသေးမွှားမွှားကိစ္စကလေးကိုပင် ဘုရားရှင်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက ဟောခဲ့ပြီးသားပါ။ ကျန်းမာရေးကောင်းဖို့ ဘယ်လိုနေထိုင်ရမယ် စည်းပွားကို ဘယ်လိုရှာရမယ် စသည်ဖြင့် ဘုရားရှင်ဟောတော်မူခဲ့ပြီးသားပါ။ လူတွေအကုန်လိုက်နာကြပါရဲ့လား။ လိုက်နာကျင့်သုံးမှုတော့ မပြုလုပ်ဘဲ မချမ်းသာတော့မှ ဗုဒ္ဓဘာသာကြောင့်ဆိုတဲ့ အရာကတော့ တော်တော်လေး ပညာရှိမဆန်တဲ့ စကားပဲလို့ ဆိုရမှာပါ။
နောက်တစ်ခုက ဘုရားရှင် ပွင့်တော်မူလာခြင်းကြောင့် လူတွေ ဘာအကျိုးများရသလဲလို့ မေးလာခဲ့ရင် (ဗုဒ္ဓ ဘာသာ မဟုတ်တဲ့ ပုဂ္ဂိုလ်များက) ဖြေစရာက လွယ်လွယ်ကူကူလေးပဲ ရှိပါတယ်။ ဘုရားရှင်ပွင့်တော်မူလာခြင်းကြောင့် လူတွေမှာ ပညာအလင်းလို့ ခေါ်တဲ့ ဉာဏ်စက္ခုပေါ်လာရပါတယ်၊ ပြောရရင် အသိဉာဏ်ကျယ်လာကြပါတယ်။ ဥပမာ ဘုရားသာမပွင့်ခဲ့ လူတွေဟာ ဘယ်လောက်ထိ လောကကြီးအကြောင်းကိုသိကြမလဲ၊ ဒီလောကကြီးမှာ သက်ရှိဆိုလို့ လူရယ် တိရစ္ဆာန်ရယ်လောက်ပဲ ရှိတယ်လို့ သိကြမှာပါ။ ဘုရားရှင်ပွင့်တော်မူလာလို့ ထိုသက်ရှိတွေ အပြင် ငရဲဘုံတွေ နတ်ပြည်တွေ ဗြဟ္မာတွေ ရှိသေးတယ်ဆိုတာကို သိလာရပါတယ်။ နောက် ဆင်းဆင်းရဲရဲဖြင့် အသက်ရှင်ရတဲ့ ပြိတ္တာဆိုတဲ့ သတ္တ၀ါတွေ ရှိသေးတယ်ဆိုတာကို သိလာရပါတယ်-ဒါဟာ အသိဉာဏ်ကျယ်လာတာပါပဲ။ ဒီနေရာမှာ ငရဲစတာတွေကို ဘုရားရှင်က မရှိတာတွေကို ဟောထားတယ် ခြောက်ပြီး မြှောက်ပြီး ဟောထားတယ်လို့ ပြန်လည် မေးမယ်ဆိုရင် မေးလို့ရပါတယ်၊ မေးလည်း မေးစေချင်ပါတယ်။ ဒီနေရာမှာ ဘုရားရှင်ဖြစ်တော်မူလာတဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရမည်ဖြစ်ပါတယ်.။
ထိုသမိုင်းကတော့ ကမ္ဘာကလည်း ရှေးဟောင်းအထောက်အထား တွေအရ အတည်ပြုလက်ခံထားတဲ့ အရာပါ၊ ဂေါတမ ဘုရားရှင်ဟာ အမျိုးကိုက လောကရဲ့စည်းစိမ်မှာ အမြင့်ဆုံးဖြစ်တဲ့ မင်းမျိုးကနေ တောထွက်လာတဲ့ အိမ်ရှေ့စံအမျိုးကောင်းသားပါ။ ရှင်ဘုရင် သေချာပေါက် ဖြစ်လာမဲ့သူပါ။ ရာသီအလိုက်နေလို့ရတဲ့ ထီးနန်းသုံးဆောင်ရှိပါတယ်၊ စည်းစိမ်တွေ လိုက်လံပြောဆိုမယ်ဆိုရင်တော့ မဆုံးပါဘူး.၊ အဓိကကတော့ သူဟာ ဘုရင်ဖြစ်တော့မယ့်သူပါ။ ထိုလောကစည်းစိမ်ဥစ္စာတွေကို စွန့်ပစ်ခဲ့ပြီးတောထွက်တော် မူလာတာပဲ ဖြစ်ပါတယ်၊ ကိုယ့်အတွက်ဖြစ်လာမဲ့ အဆုံးအစွန်သော အကျိုးအမြတ်တွေကို လုံးလုံး လျားလျား စွန့်ခဲ့တာပါ၊ သေချာစဉ်းစားကြည့်ရင် စိတ်ဝင်စားစရာကောင်းလှပါတယ်. အဲဒါလောက် ကိုယ့်အကျိုးစွန့်ခဲ့သူက နောက်ထပ်များ ဘာလိုချင်သေးလို့ တစ်စုံတစ်ရာ ညာပြီးပြောဦးမှာလဲ၊ လောကမှာ ညာတယ်ဆိုတာ အကြောင်းအမျိုးမျိုးရှိတတ်ကြပေမဲ့ မူလအကြောင်းကတော့ အကျိုးလိုလို့ ညာကြတာပါပဲ။ ဟိုမှာ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက တစ်ကယ့်စည်းစိမ်တွေကို စွန့်ခဲ့ပြီးကာမှ ဘာတွေများ နောက်ထပ်လိုဦးမှာမို့ ညာရဦးမှာပါလဲ။ စာရေးသူက ဗုဒ္ဓဘာသာမို့ ဘုရားရှင်ဘက်က ကြည်ညိုစိတ်နဲ့ရေးနေတာမဟုတ်ပါဘူး..။ စဉ်းစားလည်း စဉ်းစားကြပါ။ တွေးတွေးဆဆလည်းယူကြပါ။ ဘုရားရှင်တောထွက်တော်မူတုန်းကတော့ အရာအားလုံးကို သိတဲ့ ဉာဏ်ကို ရဖို့ဆိုတဲ့ ကိုယ့်အကျိုးနဲ့ တောထွက်ခဲ့တာတော့ မှန်တယ်၊ မှန်ပါတယ်။ ဒါပေမဲ့လည်း ဒီတရားတော်တွေက အဲဒီဉာဏ်ကို ရပြီးမှ ဟောထားတာတွေပါ။ စဉ်းစားကြမယ်ဆိုရင် လောကဘက်ကကြည့်ရင်လည်း ရှင်ဘုရင်ဖြစ်မဲ့သူ- ဓမ္မဘက်က ကြည့်မယ်ဆိုရင်လည်း အရာအားလုံးကို သိတဲ့ ဉာဏ်ကိုရဖို့ ခြောက်နှစ်လုံးလုံး တရားကျင့်ခဲ့သူ- ဆိုတော့ဖြင့် နောက်ထပ်များ ဘာလိုသေးသလဲ။ ထမင်းအကြမ်း ဟင်းအကြမ်းလေးတွေ ရဖို့လောက်ကိုများ ဘုရားက ညာဦးမှာပါလား.။ ဇေတ၀န်တို့ ပုပ္ဗာရုံတို့ဆိုတဲ့ ကျောင်းကလေးတွေ ရဖို့လောက်များဘုရားက ညာဦးမှာတဲ့လား..။
မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးရဲ့ ရှင်းပြချက်များ ဒီနေရာမှ အလွန်ကောင်းလှပါတယ်။ စာရေးသူကတော့ ကိုယ့်ဉာဏ်မှီသလောက်လေးနဲ့ပဲ စာဖတ် သူများကို တင်ပြနေတာပါ၊ ပြည့်ပြည့်စုံစုံ နားလည်ချင်ရင်ဖြင့် ဆရာတော်ကြီးရဲ့ အခွေတွေ ၀ယ်ယူပြီး နားထောင်ကြပါလို့ တိုက်တွန်းလိုပါတယ်။ ဘုရားရှင်က ငရဲဆိုတာကို မရှိဘဲနဲ့များ ဘာလို့ ဘာရည်ရွယ်ချက်နဲ့ ရှိတယ်ပြောမလဲ. တစ်ကယ့် ဘာသာရေးခေါင်းဆောင် ဖြစ်လာမဲ့သူက မဟုတ်တာကို အဟုတ်လုပ်ပြီး အချည်းအနှီး ဘာအတွက်ပြောနေမှာလဲ။ မရှိတာကို ရှိတယ်လို့ပြောလို့ကော ဘာအကျိုးရှိမှာမို့ပါလဲ။ နိဗ္ဗာန်ဆိုတာလည်း ထို့အတူပါပဲ။
ဘာပဲဖြစ်ဖြစ်မျက်စိမှိတ်ဟုံရမယ်ဆိုတာမျိုးတွေ ဗုဒ္ဓဘာသာမှာမရှိပါဘူး..။ ဒါကိုဘုရားရှင်က အသေအချာ မိန့်တော်မူခဲ့ပါတယ်၊ အခါတပါးမှာ မြတ်စွာဘုရား ကေသမုတ္တိမည်သော ကာလာမ နိဂုံးရွာမှာ ကာလာမမျိုးတို့ကို ဘာသာရေးနဲ့ ပတ်သက်ပြီး စီစစ်ဝေဖန်ဖို့ကို လမ်းညွှန်ချက် ဆယ်ချက် ပေးတော်မူခဲ့ပါတယ်။ ထိုလမ်းညွှန်ချက် ဆယ်ချက်က အောက်မှာပါတဲ့ အတိုင်းပဲ ဖြစ်ပါတယ်။
၁။ တစ်ဆင့်စကားကြားယုံမျှဖြင့် မှန်ပြီဟုလက်မခံကြလေနဲ့။
၂။ ရိုးရာအစဉ်အလာဖြစ်သည့်အတွက်ကြောင့်လည်း မှန်ပြီဟုလက်မခံကြလေနဲ့။
၃။ ကောလာဟာလ ဖြစ်နေတဲ့အတွက်ကြောင့်လည်း မှန်ပြီဟုလက်မခံကြလေနဲ့။
၎။ ကိုယ့်၏ကျမ်းစာနှင့် ကိုက်ညီနေသည့်အတွက်ကြောင့်လည်း မှန်ပြီဟုလက်မခံကြလေနဲ့။
၅။ စိတ်ကူးနှင့် မှန်းဆပြီးတော့လည်း မှန်ပြီဟုလက်မခံကြလေနဲ့။
၆။ အချက်အလက်အချို့ကို ကောက်ချက်ကြနိုင်ယုံမျှဖြင့်လည်း မှန်ပြီဟုလက်မခံကြလေနဲ့။
၇။ အကြောင်းအကျိုး တည့်သည်ဟု ဆင်ခြင်နိုင်ယုံမျှဖြင့်လည်း မှန်ပြီဟုလက်မခံကြလေနဲ့။
၈။ ကိုယ်တိုင်ကြိုတင် ထင်မြင်ယူဆထားသော အချက်အလက်နှင့် ကိုက်ညီသောကြောင့်လည်း မှန်ပြီဟုလက်မခံကြလေနဲ့။
၉။ တစ်စုံတစ်ရာကို လက်ခံသင့်သည်ဟု ထင်ရုံမျှဖြင့်လည်း မှန်ပြီဟုလက်မခံကြလေနဲ့။
၁၀။ ဟောပြောသောသူသည် မိမိက ရိုသေလေးစားထိုက်သူ ဖြစ်သည့်အတွက်ကြောင့်လည်း မှန်ပြီဟုလက်မခံကြလေနဲ့။ တို့ပဲ ဖြစ်ပါတယ်။
ငါ့ဘာသာမို့ မှန်တယ်ဆိုတဲ့ အပြောမျိုးကို ဘုရားက ဘယ်နေရာမှာမှ မဟောခဲ့ပါဘူး။ ကိုယ်ပိုင်ဉာဏ်ဖြင့် စဉ်းစားဖို့သာ တိုက်တွန်းတော်မူခဲ့ပါတယ်။ အံ့သြစရာအင်မတန်ကောင်းလှတဲ့ ဘာသာရေး ခေါင်းဆောင်တစ်ဦး ဖြစ်ပါသည်။ ၀င်ပြီးလေ့လာကြပါ။ သို့သော် တိတိကျကျတော့ လေ့လာပါ။ ဟိုလူ ဒီလူရေးထားတဲ့ စာလေးတွေကို မဖတ်ဘဲ ဘုရားရှင်ဟောတဲ့ ပါဠိတော်များကို အဓိပ္ပါယ် ကျကျနန နားလည်အောင် လေ့လာစေချင်ပါတယ်၊ တစ်ချို့က ကိုယ့်ဘုရားရှင်ကို အလွန်ကြည်ညိုစိတ်နဲ့ အလွန်အကြူး ချီးကျူးပူဇော်ဂုဏ်ပြုထားတာတွေ ရှိတတ်ပါတယ်..။ ဒါဟာ ဘာသာတိုင်းလိုလိုပါပဲ။ ထိုစာတွေကို ဖတ်ပြီး ဝေဖန်မနေဘဲနဲ့ တိုက်ရိုက်ဘုရားဟောတွေကို ၀င်ဖတ်ကြည့်ပါ။ သိပ္ပံနဲ့လည်း အလွန်ကိုက်ညီပါတယ်။ ရုပ်ကို ခွဲခြမ်းတာတွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်ကျော်ကတည်းက ဘုရားက အရာအားလုံးကို သိတဲ့ဉာဏ်နဲ့ ဟောခဲ့ ပြောခဲ့ပြီးသားပါပဲ။ သိပ်မကြာတတ်သေးခင်ကမှ သိပ္ပံပညာရှင်တွေက ခွဲခြမ်းနိုင်တာပါ. ၊ ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့ နိုင်ငံတွေက ဆင်းရဲတော့ ကျယ်ကျယ်ပြန့်ပြန့် မဖြန့်နိုင်လို့သာ ရှေးကျတဲ့ ဘုရားရှင်ရဲ့ ဟောပြောချက်တွေကို လူတွေက မသိခဲ့ကြရတာပါ။ သို့ဆိုလျှင်ဖြင့် တစ်ချို့သောသူတို့က ပြောကြပါလိမ့်မည်။ သူတို့က လက်တွေ့ဆန်တယ် ။ ဗုဒ္ဓဘုရားက လက်တွေ့ဟုတ်လို့လားလို့ မေးကြမယ်ဆိုရင်ဖြင့်--- ဆရာတော်ဘုရားကြီး ပြန်မေးသွားပုံလေးနဲ့ပဲ ဒီဆောင်းပါးလေးကို အဆုံးသတ်လိုက် ချင်ပါတယ်..။ ဆရာတော်ဘုရားကြီးက လက်တွေ့ဝါဒီသမားတွေကို ဒီလိုမေးခဲ့ပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ လက်တွေ့ဆိုတာတွေကို အမောင်တို့က ဘယ်တုန်းကများ သွားလက်တွေ့လိုက်တာတုန်း.. ဘုရားရှင်ရဲ့ စကားတော်တွေက လက်တွေ့မဟုတ်ဘူးလို့ ဆိုရအောင် အမောင်တို့က ဘယ်တုန်းကများ လာပြီး လက်တွေ့မဟုတ်လိုက်တာတုန်း.. ဆိုတဲ့စကားလေးပါပဲ။
စာရေးသူ--->>>>>>>
အရှင်ဇဋိလ-က၀ (သီတဂူဓမ္မကထိက)
ကေတုမတီအဆောင်
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
စစ်ကိုင်းတောင်ရိုး၊ စစ်ကိုင်း။
Monday, August 9, 2010
ငရဲဆိုတာ ရှိပါတယ်.........တဲ့ ..။
Posted by ကဗျာမ လေး at 2:30 PM 1 comments
Labels: ဓမ္မဒါန, မျှဝေခြင်း ကဏ္ဍ
Wednesday, June 16, 2010
ရေတန်ဖိုး
ကဗျာမလေးရေးတာ မဟုတ်ပါဘူးနော်... အရှင်ဇဋိလ-က၀(သီတဂူဓမ္မကထိက)ရဲ့ ဆောင်းပါးလေးကို ပြန်လည်မျှဝေပေးတာပါ။
အားလုံးကို ကျေးဇူးတင်ပါတယ်။
စာရေးသူအနေနဲ့ တစ်ခါမှ စာမရေးဖူးလေတော့ “ဒီဆောင်းပါးလေးရေးရတာ အဆင်မှပြေပါ့မလားလို့ စိုးရိမ်စိတ်ဖြစ်မိတယ်။” ဒါပေမယ့် စာရေးသူတို့၏ ဆရာဖြစ်တဲ့ ဒေါက်တာပညာသီဟ၏ တိုက်တွန်းမှုကြောင့်ရယ် - နှလုံးသားထဲမှာ ရေတန်ဖိုးဆိုတဲ့ အကြောင်းလေးကို Fresher Welcome စာဆောင်မှာ ရေးချင်စိတ်က ပြင်းထန်နေတာရယ် - အဲဒါတွေကြောင့် ရင်ထဲကလာတဲ့ အတိုင်းပဲ ချရေးလိုက်တာပါ.။ စာဖတ်သူတွေကို ဆွဲခေါ်သွားနိုင်တဲ့ စွမ်းရည်မျိုးနဲ့ မရေးနိုင်တာကိုတော့ ခွင့်လွှတ်စေချင်ပါတယ်.. နှလုံးသားထဲက လာတဲ့စကားတွေမို့ နှလုံးသားနဲ့ပဲဖတ်ကြပါ။
“ဟေ့ မလုကြနဲ့လေ.. ကျွန်တော်တို့က အဲဒီလိုတွေ လုနေကြရင်တော့ ဝေပေးမှာမဟုတ်ဘူး..၊ ဟာ ဟိုအဘွား ဘယ့်နှယ့်ကြောင့် ပုံးကို ရှေ့ဆုံးက လာတန်းစီရတာလဲ..ကိုယ့်အလှည့်နဲ့ကိုယ်မို့ ဟိုး နောက်ဆုံးနားက တန်းစီပါ၊ ကျွန်တော်တို့ကလည်း အကုန်လုံး ညီညီမျှမျှရစေချင်လို့ ပြောတာပါခင်ဗျာ”၊
အဲဒီစကားသံတွေကတော့ ပဲခူးတိုင်း က၀မြို့နယ်ထဲက ရွာတစ်ရွာမှာ ရေပေးဝေလှူဒါန်းနေတဲ့ အသံတွေပါ၊ မြို့ပေါ်က စေတနာရှင်အဖွဲ့တွေက သောက်သုံးရေ ပြတ်လပ်နေတဲ့ ရွာတွေကို ရေလှူကြတဲ့အခါ တိုးဝှေ့ပြီး ရေလုနေကြတဲ့ မြင်ကွင်းနဲ့ ရေပေးဝေနေတဲ့ သူတွေရဲ့ စကားသံတွေပါပဲ၊ ထိုအသံတွေကို ကြားရတဲ့အခါ စာရေးသူရဲ့ ရင်ထဲမှာ နာကျင်မှု ဝေဒနာနဲ့အတူ ပျော်ရွှင်မှုကိုပါ အတွဲလိုက်ရလိုက်ပါတယ်..၊ သတ္တ၀ါတွေရဲ့ အဓိကအသုံးဖြစ်တဲ့ရေ ပြတ်လပ်နေတာကို တွေ့ရလို့ ၀မ်းနည်း နာကျင်ရပေမဲ့ စေတနာရှင်တို့ရဲ့ လူသားချင်းကူညီနေမှုတွေကို တွေ့ရပြန်တော့လည်း ၀မ်းသာရပြန်တယ်.၊ ရေအလှူရဲ့ အကျိုးတရားဟာ အလှူပေး အလှူခံ နှစ်ဦးလုံးအပေါ်မှာ အတော်လေး ထိထိရောက်ရောက်ရှိလှပါတယ်.၊ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က တစ်ခါတုန်းက တက္ကသိုလ်မှာဆိုတဲ့ ကိုရီးယားဇာတ်လမ်းတွဲလေးကိုကြည့်တော့ ဇာတ်ဝင်ခန်းလေး တစ်ခုကို သတိရမိတယ်၊ အဲဒီမှာ အေအိုင်ဒီအက်စ်ရောဂါခံစားနေရတဲ့ ဘတ်စကက်ဘောသမားတစ်ယောက်ကို မင်းသားနဲ့မင်းသမီးက စေတနာဝန်ထမ်းအဖြစ် ပြုစုစောင့်ရှောက်ပေးနေတဲ့ ဇာတ်ဝင်းခန်းလေးပါပါတယ်၊ မင်းသားက ခင်ဗျားဘ၀မှာ အခုချိန်ဘယ်အရာကို အတမ်းတ သတိတရအဖြစ်ဆုံးလဲလို့ မေးတဲ့အခါမှာ ခုနက နိုင်ငံကျော် ဘတ်စကက်ဘောသမား အေအိုင်ဒီအက်စ် ဝေဒနာရှင်က “ဘတ်စကက်ကစားပြီးလို့ မောပန်းနေတုန်းမှာ သောက်လိုက်ရတဲ့ အေးမြကြည်လင်တဲ့ရေကြည်လေးတစ်စက်ကို သတိရတယ်-အဲဒီထက်ကောင်းတဲ့ အရသာ ဘာရှိဦးမလဲဗျာ”လို့ ပြန်ပြောတယ်..၊ အဲဒီဇာတ်ဝင်ခန်းလေးကို ကြည့်လိုက်ရစဉ်က ဘယ်လိုမှ မခံစားခဲ့ရဘူး။ အခု တောဘက်တွေမှာ ရေပြတ်နေလို့ အတိဒုက္ခ ရောက်နေတဲ့ သူတွေကို တွေ့တော့မှ ခုနက ဇာတ်ဝင်ခန်းလေးကို ရိုက်ပြတဲ့ “ဒါရိုက်တာကို မချီးကျူးဘဲ မနေနိုင်တော့ဘူး။ သူကိုယ်တိုင်ရော ရေနဲ့ပတ်သက်ပြီး “ဒုက္ခရောက်ခဲ့ဖူးလို့များ အဲဒီဇာတ်ဝင်ခန်းလေးကို ရိုက်ပြထားတာများလားလို့တောင် ဆက်စပ်တွေးမိတယ်။ တကယ်တော့ ရေရဲ့တန်ဖိုးကို ရေပြတ်လပ်သွားပြီဆိုတော့မှ တကယ်သိကြတာပါ။ မေလတစ်ရက်နှစ်ရက်လောက်ကစပြီး မြန်မာနိုင်ငံတောရွာတွေမှာ ရေပြတ်လပ်နေကြတယ်ဆိုတာကို မဂ္ဂဇင်းတွေ ဂျာနယ်တွေကတစ်ဆင့် စတင်သိရပါတယ်။ ခါတိုင်းနှစ်တွေနဲ့ မတူဘဲ “ဒီနှစ်မှာ တောရွာတော်တော်များများ ရေကန်တွေ ၊ ရေတွေခမ်းခြောက်ကုန်တယ်၊ စာရေးသူတို့ရဲ့ က၀မြို့နယ်မှာ ရွာပေါင်းကိုးဆယ်ကျော်ရှိပါတယ်. ရွာတိုင်းလိုလိုပဲ မိုးရာသီကရတဲ့ မိုးရေကိုလှောင်တဲ့ မြေစိုက်ရေကန်ကြီးတွေရှိကြတယ်၊ ရွာတစ်ရွာမှာ နှစ်ကန်တော့ အနည်းဆုံး ရှိကြပါတယ်၊ မိုးရာသီက ရတဲ့ရေကို ကန်ထဲမှာ သိုလှောင်ထားပြီး ဆောင်းရာသီနဲ့ နွေရာသီရောက်ရင် တစ်ရွာလုံးက လူရော တိရစ္ဆာန်တွေရော ကန်ထဲကရေကို သုံးကြရတယ်၊ သောက်ကြရတယ်၊ မြို့ပြကလူတွေက ကျန်းမာရေးအတွက်ဆိုပြီး သောက်ရေသန့်တွေ ကိုယ်စီသောက်နေတဲ့ အချိန်မှာ တောရွာမှာနေရတဲ့သူတွေကတော့ ရွာထဲကရေကန်ကြီးတွေဟာ သူတို့ရဲ့ ဧရာမသောက်ရေသန့်ကန်ကြီးတွေပါပဲ၊ ဒီနှစ်တော့ သူတို့တွေရဲ့ ရေကန်ကြီးထဲကရေတွေကို တဖြည်းဖြည်းနဲ့ တပေါင်း-တန်ခူး-ကဆုန်မှာပူတဲ့နေလုံးက ငုံ့သောက်သွားတော့ တောရွာကလူတွေဟာ နွေအပူနဲ့အတူ ဒီနှစ်ရေလောက်ပါ့မလားဆိုတဲ့ ရင်အပူပါ ရောထွေးသွားတယ်၊ စာရေးသူက တောရွာတွေ ရေပြတ်ပြီဆိုတဲ့ အသံတွေကြားကတည်းက တစ်နိုင်တစ်ပိုင်လေး လှူချင်စိတ်ပေါ်လာတယ်၊ ဒါပေမဲ့ စာရေးသူဖြေရမယ့် TOEFL စာမေးပွဲက မေ(၈)ရက်နေ့မှ ပြီးမှာဆိုတော့ စာကိုပဲ လုပ်နေလိုက်ရတယ်. စိတ်ထဲမှာတော့ ရေအလှူစေတနာရှင်တွေလာရာလမ်းကို မျှော်နေကြမယ့် တောရွာတွေကိုပဲ မြင်နေမိတယ်၊ စာရေးသူတို့ ရွာဖြစ်တဲ့ ညောင်တပင်ရွာမှာဆိုရင် ရေမရလို့ မြွေတွေတောင် သေကုန်တယ်၊ လူတွေကတော့ ရေရှိတဲ့ နေရာကို မရအရ လိုက်ရှာတတ်ပေမယ့် ရွာရေကန်ထဲကရေကိုပဲ သောက်နေရတဲ့ တွင်းအောင်းသတ္တ၀ါတွေကြတော့ ရွာရေကန် ရေပြတ်ပြီဆိုရင် သူတို့အတွက် သောက်စရာ တစ်ခြားနေရာမရှာတတ်တော့ဘူးလေ၊ ရှာပြန်ရင်လည်း လူတွေက တွေ့ရင်ရိုက်သတ်တဲ့ အန္တရာယ်ကရှိနေသေးတော့ အပြင်ကိုလိုက်မရှာတော့ဘဲ ရေငတ်ပြီး အသေခံလိုက်တော့တယ်၊ အလကားရတဲ့ရေကိုမှ ငတ်လို့သေရတယ်ဆိုတာ သနားစရာ အလွန်ကောင်းလှပါတယ်၊ ရွာတွေမှာက “ဒီနှစ်ရေမလောက်လို့ နောက်နှစ်အတွက် ရွာရေကန်ကြီးကို နစ်နစ်လေး ထပ်တူးပြန်တော့လည်း သဲပေါက်တဲ့ အတွက်ကြောင့် ရှိနေတဲ့ အတိမ်အနက်ထက် ပိုပြီးတူးလို့ မရပြန်ဘူး၊ အဲဒီဒုက္ခတွေကို တောမှာနေခဲ့တဲ့ စာရေးသူကသိနေတော့ အခုလို ရေပြတ်ပြီဆိုတဲ့အခါ လှူဒါန်းချင်တဲ့စိတ်ဖြစ်လာတယ် စာမေးပွဲပြီးလို့ မေလ(၁၀)ရက်နေ့က စပြီး ပဲခူးမြို့ပေါ်ကနေတစ်ဆင့် ကိုယ့်တစ်နိုင် တစ်ပိုင်နဲ့ ရွာတွေကို ကားနဲ့ ရေလိုက်လှူပါတယ်၊ ကိုယ်လှူမယ့် ရွာကို ရေကားမရောက်သေးခင်မှာ ကွင်းထဲမှာ နေကြတဲ့ တဲလေးတွေက ရေကားကို မြင်တဲ့အခါ လက်နဲ့တား-တစ်ဖန်ရေပုံးတွေကို ယူလာကြပြီး ရေတစ်ပုံးလောက်ချထားပေးခဲ့ပါလို့ တောင်းဆိုသံတွေကို ဒုနဲ့ဒေးမြင်ရတဲ့အခါ စာရေးသူရင်ထဲမှာ နင့်နေအောင်ခံစားရပါတယ်၊ နေ့စဉ်လိုလိုပဲ ကားတွေနဲ့သယ်ပြီး ရေလှူနေကြတဲ့သူတွေလည်း အများအပြား မြင်ခဲ့ရပါတယ်၊ ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်လိုက်ပါတယ်၊ သောက်ရေရော သုံးရေပါ မရှိကြတော့ တစ်ရွာကို ရေကားကြီး (၃)စီးလောက်ဝင်မှ မျှတရုံပဲ ရှိပါတယ်၊ ဂါလံ တစ်ထောင်ပါတဲ့ တစ်စီးလောက်နဲ့ ဆိုရင် တစ်အိမ် တစ်ပုံးတောင် ရဖို့ မလွယ်ပါဘူး၊ တစ်ချို့ဆိုရင် ရေအလှူကားလာလို့ ၀မ်းသာအားရနဲ့ ပြေးလာပြီးမှ ဒီကြတော့ ရေမရလိုက်တာတွေလည်း ရှိပါတယ်၊ စာရေးသူက ကိုယ့်မှာရှိတဲ့ ပိုက်ဆံလေးနဲ့ လှူနေရင်းက နောက်တော့ ၀ိုင်းဝန်းလှူကြတဲ့သူတွေ ရှိတော့ ပိုပြီးများများစားစားလေး လှူဖြစ်သွားတယ်..၊ အထူးအားဖြင့် ရန်ကုန်မြို့မှ ဒါယိကာ ဦးမြင့်ဆွေတို့ မိသားစု-ပဲခူးမြို့မှ ၀င်းစတားကုမ္ပဏီမိသားစုနဲ့ စာရေးသူရဲ့ ရဟန်းဒါယိကာ ဒါယိကာမတွေကို အထူးပဲ ကျေးဇူးတင်မိတယ်၊ သူတို့တွေထောက်ပံ့လို့ လှူနိုင်တာပဲ၊ မိုးက မေလ(၁၈)ရက်နေ့မှ စပြီးရွာချတယ်၊ မြို့ပေါ်က ရေအလှူရှင်တွေရော မိုးမျှော်သူတွေပါ ၀မ်းသာပီတိ အဆုံးမရှိဖြစ်ကြတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် မိုးမရွာသေးမချင်း ရေ လျှောက်လှူနေမယ်လို့ သန္နိဌာန်ချထားခဲ့တာပါ၊ ဘာဖြစ်ချင်လို့မှ မဟုတ်ပါဘူး၊ ဒါယိကာကြီးဦးမြင့်ဆွေက ရေအတွက် ၀တ္ထုလှူတဲ့နေ့မှာ ပြောတဲ့ စကားလေးကို ဒီနေရာမှာ ထည့်ပြောပြချင်တယ်၊ တော်တော်သဘောကျစရာကောင်းတယ်၊ ဦးဇင်းတဲ့ ရေလှူတဲ့သူဟာ တောင်ထိပ်မှာ တက်နေရင်တောင် အဲဒီပုဂ္ဂိုလ်ရေမငတ်ဘူး လို့ ပြောသွားတယ်၊ မြတ်စွာဘုရားလက်ထက်အခါက ၀ိသာခါကျောင်းအမကြီးရဲ့ စိတ်ဓာတ်အတိုင်းသဘောထားပြီး ရေလှူခဲ့တာပါ၊ မြတ်စွာဘုရား သာဝတ္ထိမှာ သီတင်းသုံးတော်မူစဉ်မှာ ရဟန်းတော်အပါး ခြောက်ဆယ်ဟာ နွေရာသီအပူဒဏ်ကို ဖြတ်ပြီး ဘုရားဖူးရန် သာဝတ္ထိကို ကြွလာခဲ့ကြတယ်၊ ပူလွန်းအိုက်လွန်းလို့ မြိတ်တွေတောင်ပေါက်တဲ့အထိ ရဟန်းတော်တွေ အတိဒုက္ခခံစားခဲ့ရတယ်၊ ညနေခင်းမှာ သာဝတ္ထိရောက်ပြီး မကြာသေးခင်မှာပဲ မိုးကရွာချတယ်၊ အဲဒီတော့ ခုနက ပူအိုက်နေတဲ့ ရဟန်းတော်တွေဟာ ရေချိုးချင်စိတ်ဖြစ်လာတာနဲ့ အကုန်လုံး မိုးရေထွက်ချိုးကြတယ်၊ ရဟန်းတော်တွေက သင်္ကန်းသုံးထည်ပဲ ဆောင်တော်မူတဲ့ ရဟန်းတော်တွေဆိုတော့ မိုးရေကို အ၀တ်ဗလာနဲ့ ထွက်ချိုးကြတယ်၊ ၀ိသာခါကျောင်းအမကြီးက သူ့ကျောင်းကို အာဂန္တုကရဟန်းတွေ ရောက်နေတယ်ဆိုတဲ့ အကြောင်းကိုကြားတော့ မနက်ဖြန်ဆွမ်းစားကြွဖို့ ကျွန်တစ်ယောက်ကို လွှတ်ပြီးအပင့်ခိုင်းတယ်၊ ကျွန်ကလည်း မိုးရေထဲမှာ အပြေးလေးလာပြီး ကျောင်းတော်ထဲဝင် ဘုန်းကြီးပင့်မလို့ ကြည့်လိုက်တဲ့အခါကြတော့ ကျောင်းထဲမှာတွေ့လိုက်ရတာက အ၀တ်မ၀တ်ထားတဲ့သူတွေဆိုတော့ သူက ရဟန်းတော်တွေလို့ မထင်တော့ဘူး၊ အိန္ဒိယမှာ ထိုစဉ်က ခေတ်စားနေတဲ့ (ယခုလည်း အိန္ဒိယရဲ့ တစ်ချို့ ဒေသတွေမှာ ခေတ်စားနေတုန်းပဲ) အ၀တ်မ၀တ်တဲ့ တကဒွန်းတွေ-တိတ္ထိတွေလို့ စိတ်ထဲမှာ ထင်သွားတယ်၊ ဒါနဲ့ ကျောင်းအမကြီးကို ကျောင်းထဲမှာ တိတ္ထိတွေပဲ တွေ့ခဲ့တယ်လို့ပြန်ပြောတယ်၊ ၀ိသာခါကျောင်းအမကြီး ကိုယ်တော်တွေ သင်္ကန်းရှားပါးလို့ အ၀တ်ဗလာနဲ့ ရေချိုးနေတာပဲဆိုတာကို သိတော့ မိုးတိတ်သွားတဲ့အခါ စောစောကကျွန်ကိုပဲ ကျောင်းကို တစ်ခေါက်ပြန်လွှတ်တယ်၊ ဒီအခါမှာ မိုးရေချိုးနေတဲ့ ကိုယ်တော်အားလုံးက သင်္ကန်းညီညီညာညာဝတ်ရုံလို့ တရားရှုမှတ်နေပြီ၊ နောက်တစ်နေ့ မနက်မှာ ထိုကိုယ်တော် အပါးခြောက်ဆယ်အတွက် သင်္ကန်းအစုံခြောက်ဆယ်ကို ၀ိသာခါကျောင်းအမကြီးက လှူလိုက်တယ်၊ ထိုအလှူပွဲမှာ မြတ်စွာဘုရားရှင်က တရားဟောတော်မူရင်းနဲ့ ကျောင်းအမကြီးကို ဘာအတွက်ရည်မှန်းပြီး သင်္ကန်းလှူခဲ့တာလဲ လို့ မေးတော်မူပါတယ်၊ ဒီအခါမှာ ၀ိသာခါကျောင်းအမကြီး ဖြေကြားတဲ့ အဖြေလေးဟာ အတော်လေး မှတ်သားစရာကောင်းလှပါတယ်၊ သူဟာ ဒီသင်္ကန်း လှူရတဲ့ အတွက်ကြောင့် ဘာအကျိုးမှ မရည်ရွယ်ခဲ့ပါဘူး၊ ယခု လို သူလှူလိုက်ရတဲ့ သင်္ကန်းကို ၀တ်ရုံလိုက်သောအားဖြင့် သာသနာတော်ကို တိတ္ထိလို့အထင်မခံရရင်တော်ပါပြီ၊ တဲ့။ ဘယ်လောက်လေးစားစရာ ကောင်းတဲ့စကားလေးပါလဲ၊ စာရေးသူနဲ့ အတူနွေမှာ ရေတန်ဖိုးကိုသိပြီး လှူခဲ့ကြတဲ့ သူတွေအားလုံးဟာလည်း ရေလှူရတဲ့ အကျိုးဟာ ဘာကိုမှ မမျှော်ကိုးပါဘူး၊ ဒီရေကို သောက်သုံးလိုက်ရတဲ့သူတွေမှာ ရေငတ်ပြေသွားရင် တော်ပါပြီဆိုတဲ့ စိတ်ဓာတ်ပဲ ကိုယ်စီကိုယ်စီ ရှိကြပါတယ်။ ဒါကြောင့် စာရေးသူနဲ့အတူ ရေအလှူမှာ ပါဝင်ခဲ့တဲ့သူတွေနဲ့ နွေရာသီမှာ ရေလှူခဲ့ကြတဲ့ အဖွဲ့အားလုံးကို ဂုဏ်ပြုချင်လို့ ဒီဆောင်းပါးလေး ရေးဖြစ်သွားတာပါ။
အရှင်ဇဋိလ-က၀ (သီတဂူဓမ္မကထိက)
ကေတုမတီအဆောင်
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
စစ်ကိုင်းတောင်ရိုး၊ စစ်ကိုင်း။
Posted by ကဗျာမ လေး at 10:24 AM 0 comments
Labels: ဓမ္မဒါန, မျှဝေခြင်း ကဏ္ဍ
Tuesday, July 7, 2009
သတိ- မြင့်မြတ်သောပုဂ္ဂိုလ်ဆိုတာ
သတိ- မြင့်မြတ်သောပုဂ္ဂိုလ်ဆိုတာ.....
ကိုယ်ကျိုးအတွက် စွန့်လွှတ်နိုင်ရတယ်။
သည်းခံမှု အပြည့်အ၀ရှိရတယ်။
သဘောထားကြီးရတယ်။
အရာရာမှာ ခွင့်လွှတ်နိုင်ရတယ်။
ကိုယ်ကျင့်တရားကောင်းရတယ်။
အများအတွက် အနစ်နာခံရတယ်။
ရတနာသုံးပါးကို အထူးလေးစားရတယ်။
ဘိုးဘွားမိဘများကို ပြုစုလုပ်ကျွေးရတယ်။
ဆရာသမားများကို ရိုသေကျိုးနွံရတယ်။
ဤ(၉)ချက်နှင့် ပြည့်စုံပါက မြင့်မြတ်သော ပုဂ္ဂိုလ်ဖြစ်၍ အပါယ်လေးပါးမှ လွတ်ပြီး နတ်ရွာနိဗ္ဗာန်လမ်းကြီး ပွင့်ပေတော့၏။
ရေးသားသူမှာ “ကဗျာ” မဟုတ်ပါ ..... သတ္တမမြောက်ကျော်အောင်စံထား(အမရပူရ)ဆရာတော်ကြီးဖြစ်ပါ၏။
Posted by ကဗျာမ လေး at 9:54 AM 3 comments
Labels: ခံစားချက်လေးများ, ဓမ္မဒါန
Wednesday, March 4, 2009
မျှဝေပါတယ်
http://majjhimagonyi.info/(အရှင်ကောဝိဒ-မဇ္ဈိမဂုဏ်ရည်)
http://www.paauktawya.org/ (ဖားအောက်တောရဆရာတော်)
http://www.phyusayadaw.com/ (ဖြူးဆရာတော်)
http://www.theravada-3p.org/ (ဆရာဦးမြင့်လွင်-သန့်တည်ပွား)
http://www.mogokinsightny.org/ (မိုးကုတ်ဆရာတော်ဘုရားကြီး)
http://realenlightenment.org/ (အရှင်ဥတ္တမသာရ)
http://www.lknt.org/ (အရှင်လောကနာထ)
http://lknt115.blogspot.com/ (အရှင်လောကနာထ)
http://kathitwinemyanmar.blogspot.com/ (ကသစ်ဝိုင်ဝိပဿနာ ဓမ္မရိပ်သာ)
http://www.dhammaduta.co.cc/ (အရှင်ဆေကိန္ဒ-ဓမ္မဒူတ)
Posted by ကဗျာမ လေး at 8:41 AM 0 comments
Labels: ဓမၼဒါန
Monday, November 17, 2008
ကျောင်းလှူသူသည် ကောင်းကျိုးချမ်းသာအားလုံးကို လှူရာရောက်သည်
နတ်သားတစ်ပါးက မြတ်စွာဘုရားရှင်ကို ' ဘာလှူသူသည် ခွန်အားကို လှူရာရောက်ပါသလဲ၊ ဘာလှူသူသည် အဆင်းကို လှူရာရောက်ပါသလဲ၊ ဘာလှူသူသည် ချမ်းသာခြင်းကို လှူရာရောက်ပါသလဲ၊ ဘာလှူသူသည် မျက်စိအမြင်ဓာတ်ကို လှူရာရောက်ပါသလဲ၊ ဘာလှူသူသည် ကောင်းကျိုးချမ်းသာအားလုံး (ရှေ့ကလေးမျိုးလုံး) ကို လှူရာရောက်ပါသလဲ ' လို့ အလှူနဲ့ ပတ်သက်တဲ့ မေးခွန်း (၅) ခု မေးပါတယ်-[ ဆက်ဖတ်ရန် +/- ]
Posted by ကဗျာမ လေး at 10:11 AM 2 comments
Labels: ဓမၼဒါန
Friday, November 14, 2008
ဓမၼဒါန
မမေ့အပ်သော ရှင်တော် ဗုဒ္ဓ၏ သြ၀ါဒ
အားကိုးရာအစစ်ကား ဗုဒ္ဓ၊ ဓမ္မ၊ သံဃ။
မိတ်ဆွေအစစ်ကား ကံ၊ ဉာဏ်၊ ၀ီရိယ။
ရန်သူအစစ်ကား လောဘ၊ ဒေါသ၊ မောဟ။
နေ့စဉ်အလုပ်ကား ဒါန၊ သီလ၊ ဘာဝနာ။
အမြဲနှလုံးသွင်းရန်ကား အနိစ္စ၊ ဒုက္ခ၊ အနတ္တ။
အမြဲလက်ကိုင်ထားရန်ကား ခန္တီ၊ မေတ္တာ၊ သစ္စာ။
Posted by ကဗျာမ လေး at 9:50 AM 0 comments
Labels: ဓမၼဒါန
Monday, October 27, 2008
ဓမၼဒါန
၂၄ ပစ္စည်း ဆုတောင်း
ဟေတုပစ္စယော = ကောင်းသော အကြောင်းတရား တိုးပွားကြရပါစေသော်။
အာရမ္မဏပစ္စယော = ကောင်းသောအာရုံ၊ အကောင်းဆုံးသောအာရုံ တွေ့ကြုံကြရပါစေသော်။
အဓိပတိပစ္စယော = ဆန္ဒနှင့်ဇွဲ စိတ်ဉာဏ်တွဲ ကြီးကဲဖြစ်ကြရပါစေသော်။
အနန္တရပစ္စယော = ကုသိုလ်၏ အခြားမဲ့မှာ ကုသိုလ်သာ ဖြစ်ကြရပါစေသော်။
သမနန္တရပစ္စယော = ကောင်းမှု၏ အခြားမဲ့မှာ ကောင်းမှုသာ ဖြစ်ကြရပါစေသော်။
သဟဇာတပစ္စယော = အတူတကွ ပုညကုသိုလ်တိုးစေသော်။
အညမညပစ္စယော = အချင်းချင်း ရင်တွင်းမေတ္တာ ဖြိုးစေသော်။
နိဿယပစ္စယော = ရတနာသုံးလီ မှီတည်ကြရပါစေသော်။
ဥပနိဿယပစ္စယော = လောကုတ္တရာ ကိုးလီ မှီတည်ကြရပါစေသော်။
ပုရေဇာတပစ္စယော = ရှေ့ဖြစ်ကုသိုလ် နောက်ကိုလွှမ်းခြုံပါစေသော်။
ပစ္ဆာဇာတပစ္စယော = နောက်ဖြစ်ကုသိုလ် ရှေ့ကိုလွှမ်းခြုံပါစေသော်။
အာသေ၀နပစ္စယော = ပါရမီ အစုံစုံ အထုံမြဲကြရပါစေသော်။
ကမ္မပစ္စယော = ကောင်းသောကုသိုလ်ကံ မြဲမြံကြရပါစေသော်။
ဝိပါကပစ္စယော = ကောင်းသောအကျိုး ပွားတိုးကြရပါစေသော်။
အာဟာရပစ္စယော = စိတ်အာဟာရ ပြည့်ဝကြရပါစေသော်။
ဣန္ဒြိယပစ္စယော = စိတ်ကိုစိုးပိုင် စိတ်နိုင်ကြရပါစေသော်။
ဈာနပစ္စယော = မေတ္တာဈာန် ရှင်သန်ကြရပါစေသော်။
မဂ္ဂပစ္စယော = မဂ္ဂင်လမ်း လျှောက်လှမ်းကြရပါစေသော်။
သမ္ပယုတ္တပစ္စယော = သူတော်ကောင်းဓာတ် ယှဉ်စပ်ကြရပါစေသော်။
ဝိပယုတ္တပစ္စယော = မကောင်းမှုများ ပယ်ရှားကြရပါစေသော်။
အတ္ထိပစ္စယော = ကောင်းရာသုဂတိ မြဲရှိကြရပါစေသော်။
နတ္ထိပစ္စယော = အပါယ် ဒုဂ္ဂတိ မရှိကြရပါစေသော်။
ဝိဂတပစ္စယော = ဆင်းရဲခြင်း ကင်းရှင်းကြရပါစေသော်။
အ၀ိဂတပစ္စယော = ချမ်းသာခြင်း မကင်းကြရပါစေသော်။
၂၄ ပစ္စည်းဆုတောင်း ဆိုသည့်အတိုင်းပင် ၂၄ပစ္စည်း၏ အနက်အဓိပ္ပါယ်ကို မြန်မာဘာသာဖြင့် အနှစ်ချုပ်နားလည်နိုင်သလို နားလည်ထားသည့်အတိုင်း အကျိုးရလဒ်များ ထင်ရှားဖြစ်ထွန်းလာအောင် စီစဉ်ထားရကား ယင်း၂၄ပစ္စည်းဆုတောင်းဖြင့် ကောင်းကျိုးသုခများ ရရှိလာကြမည်မှာ မုချဧကန်ဖြစ်ပါ၏။ အလုပ်ကိစ္စတွေ အဘယ်မျှ များပြားနေပါစေ။ ယုတ်စွအဆုံး တစ်ရက်တစ်ပစ္စည်း နှုတ်တက်ကျက်မှတ်ပါက ၂၄ရက်တွင် ၂၄ပစ္စည်းလုံး နှုတ်တက်ရရှိမည်ဖြစ်ပြီး ဆက်လက်၍နေ့စဉ် ဘုးရားဝတ်ပြုပြီးတိုင်း ပဌာန်း၂၄ပစ္စည်းဆုတောင်းကို ရွတ်ဆိုဆုပန်ပါလျှင် အမှန်ပင် ရုပ်ပိုင်းရော စိတ်ပိုင်းမှာပါ ကောင်းကျိုးတရားတွေ တိုးပွားလာပါမည်။
ဣတိဝုတ် ပါဠိတော်၌ မြတ်ဗုဒ္ဓ ညွှန်ပြတော်မူသည့်အတိုင်း ဆုတောင်းပတ္ထနာသည် တဏှာပတ္ထနာနှင့် ဆန္ဒပတ္ထနာ ဟု နှစ်မျိုးရှိသည့်အနက် ဆန္ဒပတ္ထနာ(ကုသိုလ်ဆန္ဒ)နှင့် ဆုတောင်းကြရပါမည်။ ဆုမတောင်းမီ ဘုရားရှိခိုးခြင်း စသည့် ကုသိုလ်ကံတစ်ခုခု ပြုပြီးမှသာ ဆုတောင်းကြရပါမည်။ ပဌာန်း၂၄ပစ္စည်းသည် ဗဟုဝုစ်(အများဆိုင်)ဖြစ်သဖြင့် ဆန္ဒပတ္ထနာ မည်ပါသည်။
သို့ဖြင့် ပဌာန်း၂၄ပစ္စည်းဆုတောင်းအပေါ် ယုံကြည်မြတ်နိုးသော သဒ္ဓါဗလကို အရင်းထားလျက် အဆက်မပြတ်ဆုတောင်းခြင်း ၀ီရိယဗလ၊ မမေ့မလျော့ခြင်း သတိဗလ၊ တစိုက်မတ်မတ်တည်ခြင်း သမာဓိဗလ၊ အဓိပ္ပါယ်ကို ပို၍ ပို၍ ထိုးထွင်းသိမြင်ခြင်း ပညာဗလ ဟူသည့် ဗလ ငါးမျိုး တိုးထက်တိုး ကောင်းကျိုး ပြည့်ဝကြမည် ဖြစ်ပါသတည်း။
Posted by ကဗျာမ လေး at 1:40 PM 3 comments
Labels: ဓမၼဒါန
မြတ်စွာဘုရားရှင်က ' အစားအသောက်လှူသူသည် ခွန်အားကို လှူရာရောက်သည်၊ အ၀တ်အထည်လှူသူသည် အဆင်းကို လှူရာရောက်သည်၊ ယာဉ်လှူသူသည် ချမ်းသာခြင်းကို လှူရာရောက်သည်၊ ဆီမီးလှူသူသည် မျက်စိအမြင်ဓာတ်ကို လှူရာရောက်သည်၊ ကျောင်းလှူသူသည် ကောင်းကျိုးချမ်းသာအားလုံး (ရှေ့လေးမျိုးလုံး) ကို လှူရာရောက်သည် ' လို့ ဖြေကြားတော်မူလိုက်ပါတယ်။
လူတစ်ယောက်ရဲ့ ခွန်အားပြည့်တင်းမှုကို အစားအသောက်က အဓိက ပြဌာန်းပါတယ်။ အစားအသောက် မစားရရင် ခွန်အားချည့်နဲ့ပြီး အစားအသောက်စားရရင် ခွန်အားပြည့်ဝပါတယ်။ ဒါကြောင့် သူတစ်ပါးကို အစားသောက် ပေးလှူလိုက်တာဟာ သူတစ်ပါးကို ခွန်အားပေးလှူလိုက်တာပါပဲ။
လူတစ်ယောက်ရဲ့ ရုပ်ဆင်းဥပဓိ လှပမှုကို အ၀တ်အထည်က ထင်ထင်ရှားရှား အထောက်အကူပြုပါတယ်။ ' လူမှာ အ၀တ်၊ တောင်းမှာ အကွပ် ' ဆိုတဲ့အတိုင်း ၀တ်ကောင်းစားလှ ၀တ်ဆင်ထားရင် နဂိုမလှသူလည်း အထိုက်အလျောက်လှ၊ နဂိုလှပြီးသူလည်း အတိုင်းထက်အလွန် လှသွားပါတယ်။ ဒါ့ကြောင့် သူတစ်ပါးကို အ၀တ်အထည် ပေးလှူလိုက်တာဟာ သူတစ်ပါးကို ရုပ်အဆင်းလှပခြင်း ပေးလှူလိုက်တာပါပဲ။
ခရီးလမ်းသွားနေသူတစ်ယောက်ရဲ့ ချမ်းသာခြင်းဟာ သူစီးတဲ့ယာဉ်အပေါ်မှာ အများကြီးမှီတည်နေပါတယ်။ ထီး၊ ဖိနပ်၊ ယာဉ်ကအစ ကား၊ ရထား၊ လေယာဉ်ပျံ ယာဉ်အဆုံး ကိုယ်စီးရတဲ့၊ ကိုယ်အသုံးပြုရတဲ့ ယာဉ်အဆင့်အတန်းမြင့်လေလေ၊ ခရီးလမ်းသွားလာရတာ ချမ်းချမ်းသာသာရှိလေလေပါ။ ဒါ့ကြောင့် သးတစ်ပါးကို စီးစရာယာဉ် (ယာဉ်စီးခ၊ ယာဉ်ပေါ်ထိုင်စရာနေရာ စသည်) ပေးလှူလိုက်တာဟာ သူတစ်ပါးကို ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်း ပေးလှူလိုက်တာပါပဲ။
လူတစ်ယောက်ရဲ့ အမြင်အာရုံ ကြည်လင်ပြတ်သားမှုကို အလင်းရောင်က ပဓာန ကျေးဇူြးုပုပါတယ်။ ပင်ကိုမျက်စိအား ဘယ်လောက်ကောင်းကောင်း မှောင်နေရင် ဘာမှ မမြင်ရတော့ပါဘူး။ ဆီမီး၊ လျှပ်စစ်မီးစတဲ့ အလင်းရောင်တစ်ခုခု အကူအညီရမှ မြင်ရပါတယ်။ ဒါ့ကြောင့် သူတစ်ပါးကို ဆီမီး၊ လျှပ်စစ်မီး၊ လက်နှိပ်ဓာတ်မီး၊ ဖယောင်းတိုင် စတဲ့ အလင်းပစ္စည်းပေးလှူလိုက်တာဟာ သူတစ်ပါးကို မျက်စိအမြင်ဓာတ် ပေးလှူလိုက်တာပါပဲ။
လူတစ်ယောက်ဟာ အဆောက်အအုံ၊ အရိပ်အာဝါသ မရှိတဲ့ ဟင်းလင်းပြင်လွင်တီးခေါင်မှာ နေရရင် နေပူ၊ လေပူ၊ မှက်၊ ခြင် စတဲ့ ဘေးရန်တွေရဲ့ နှိပ်စက်မှုကြောင့် ခွန်အားလည်း ဆုတ်ယုတ်၊ ရုပ်အဆင်းလည်း ပျက်စီး၊ ကိုယ်စိတ်နှစ်ပါးလည်း ပင်ပန်းဆင်းရဲ၊ မျက်စိ အမြင်ဓာတ်လည်းေ၀၀ါးအားနည်း၊ အတော့်ကို ဒုက္ခရောက်ရပါတယ်။ အဆောက်အအုံတစ်ခုခု၊ အရိပ်အာဝါသတစ်ခုခုအောက် ၀င်ရောက် နားခိုလိုက်ရရင်တော့ ခွန်အားလည်းပြည့်ဝ၊ ရုပ်အဆင်းလည်း ကြည်လင်၊ ကိုယ်စိတ်နှစ်ပါးလည်း ချမ်းသာ၊ မျက်စိအမြင်ဓာတ်လည်း အားကောင်း၊ အတော့်ကို ကောင်းကျိုးဖြစ်ထွန်းသွားပါတယ်။
ဒါ့ကြောင့် သူတစ်ပါးကို ဇရပ်၊ တန်ဆောင်း၊ အိမ်၊ ကျောင်း၊ သစ်ပင် စတဲ့ အဆောက်အအုံပေးလှူလိုက်တာဟာ သူတစ်ပါးကို ခွန်အား၊ အဆင်း၊ ချမ်းသာခြင်းနဲ့ မျက်စိအမြင်ဓာတ်ဆိုတဲ့ ကောင်းကျိုးလေးမျိုးလုံး ပေးလှူလိုက်တာပါပဲ။
နတ်သားက ကောင်းကျိုးလေးမျိုးကိုပဲ ရှေ့ကခံမေးလို့ ' အဆောက်အအုံလှူသူသည် ကောင်းကျိုးအားလုံးကို လှူရာရောက်သည် ' ဆိုတဲ့ စကားရပ်ထဲက ' ကောင်းကျိုးအားလုံး ' ဆိုတာ နတ်သားမေးတဲ့ ကောင်းကျိုးလေးမျိုးကိုပဲ ဆိုလိုရာရောက်နေပေမယ့် တကယ်တမ်းကတော့ အဆောက်အအုံ လှူရင် ရှိရှိသမျှကောင်းကျိုးအားလုံး လှူရာရောက်ပါတယ်။
ဘာသာရေးနဲ့ ပတ်သက်တဲ့ အဆောက်အအုံ အလှူတွေအကြောင်း ပြောတဲ့အခါ ' အဆောက်အအုံ ' ဆိုတာကို ' ကျောင်း ' လို့ အတိအကျ အဓိပ္ပါယ်ဖော်ပြီး ' ကျောင်းလှူသူသည် ကောင်းကျိုးချမ်းသာအားလုံးကို လှူရာရောက်သည် ' လို့ သတ်သတ်မှတ်မှတ် ပြောကြပါတယ်။
အစားအသောက်ကြောင့် ရမယ့်ကောင်းကျိုး၊ အ၀တ်အထည်ကြောင့် ရမယ့်ကောင်းကျိုး၊ ယာဉ်ရထားကြောင့် ရမယ့်ကောင်းကျိုး၊ မီးအလင်းရောင်ကြောင့် ရမယ့်ကောင်းကျိုး ..... စသည်ဖြင့် တခြား အရာဝတ္ထုတွေကြောင့် ရမယ့်ကောင်းကျိုးတွေ ကျောင်းတစ်ခုတည်းနဲ့ ရနိုင်တာကို ရည်ရွယ်ပြီး ' ကျောင်းလှူသူသည် ကောင်းကျိုးချမ်းသာအားလုံးကို လှူရာရောက်သည် ' လို့ မြတ်စွာဘုရား ဟောကြားတော်မူခဲ့တာပါ။
ရွှေပါရမီတောရ အရှင်ဆန္ဒာဓိက၏ ဟောကြားချက်မှ ထုတ်နှုတ်တင်ပြ မျှဝေပါသည်။